ကာတွန်းရုပ်ရှင်ရေးဆွဲသူ (Animator)

ကွန်ပြူတာ နည်းပညာဖြင့် များဖြင့် ကာတွန်း ရုပ်ရှင်များကို ဖန်တီးရေးသားသူ

ကာတွန်းရုပ်ရှင်ရေးဆွဲတဲ့သူတွေဆိုတာ က တကယ့်ရုပ်ရှင်ထဲတွေလို ကာတွန်းလေးတွေကို လှုပ်ရှားစေပြီး အနုပညာတစ်ရပ်ကို အများပြည်သူတွေ အမြင်ဆန်းဆန်းကြည့်ရှုခံစားနိုင်ဖို့ ဖန်တီးပေးရတဲ့သူပါ။ ကာတွန်းများအသက်ဝင်လာစေဖို့ လုပ်ရတဲ့ အလုပ်ကတော့ မလွယ်လှပါဘူး။ ကာတွန်းရဲ့ လှုပ်ရှားမှုတိုင်းအတွက် လက်နဲ့ဆွဲရသလို ကွန်ပြူတာဆော့ဖ်ဝဲများဖြင့်လည်း ရေးဆွဲရပါတယ်။ ဇာတ်ကောင်တစ်ခုစီရဲ့ စရိုက်တွေနဲ့ ထပ်တူကျစေဖို့လည်း ဇာတ်ကောင်တွေရဲ့ သဘာဝတွေ၊ လှုပ်ရှားမှုတွေကိုလေ့လာရပါတယ်။ ဥပမာ ခွေးလမ်းလျှောက်တဲ့ကာတွန်းလေးရေးဆွဲတာနဲ့ မြင်းပြေးတဲ့ ကာတွန်းရေးဆွဲရတာက သဘာဝချင်းလုံးဝမတူပါဘူး။ ကျောက်တုံးတစ်တုံးပြုတ်ကျတဲ့ ပုံစံနဲ့ သစ်ရွက်ကြွေပုံစံချင်းလည်းမတူနိုင်ပါဘူး။ ဒါတွေကို Frame တစ်ခုစီ၊ တစ်ပုံချင်းစီရေးဆွဲပြီး Frame by Frame သွားပြီးမှသာ လှုပ်ရှားမှုလေးတွေဖြစ်သွားတာပါ။ ဒီလို ရေးဆွဲသူတွေသာမက တခြားသော ကျွမ်းကျင်ပညာရှင်တွေလည်း ပါဝင်မှသာ ကာတွန်းရုပ်ရှင်တစ်ခု ဖြစ်လာတာပါ။ ကာတွန်းရုပ်ရှင်တစ်ခုရေးတဲ့အခါ အရင်ဆုံး Story စဉ်းစားရပါတယ်။ Script တွေရေးရပါတယ်။ အဲ့ဒီကနေတစ်ဆင့် ဇာတ်ကောင်စဉ်းစားတာတွေ၊ Story Board အကြမ်းဆွဲတာကစလို့ နောက်ဆုံး Edit လုပ်ရတာတွေ၊ Sound Effect ထည့်ရတာတွေ အားလုံက တကယ့်ရုပ်ရှင် တွေလိုပဲ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေလိုအပ်ပါတယ်။ ကာတွန်းရုပ်ရှင်နဲ့ တကယ့်ရုပ်ရှင်ကွာခြားချက်ကတော့ ကာတွန်းရုပ်ရှင်မှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ (ဥပမာ- ရိုက်ကွင်းနေရာ၊ ရိုက်ကွင်းအတွက်လိုအပ်တဲ့ ရိုက်ကူးရေးပစ္စည်း၊ မင်းသား မင်းသမီး) မလိုအပ်ပါဘူး။ Animation တွေဟာ တကယ့် ရုပ်ရှင်တွေလို ကာတွန်းရုပ်ရှင်မှတစ်ဆင့် ပြည်သူလူထုကို ဖျော်ဖြေပေးနိုင်ပါတယ်။ အသိပညာတွေပေးနိုင်ပါတယ်။ ဒါကြောင့် ကာတွန်းရုပ်ရှင် ရေးဆွဲတဲ့ သူတွေကလည်း အနုပညာရှင်တွေပါပဲ။

ကျောင်းရှာရန်

လမ်းကြောင်း

Animator တစ်ယောက်ဖြစ်လာနိုင်မည့် လမ်းကြောင်း

ကာတွန်းရုပ်ရှင်ရေးဆွဲခြင်းက ကွန်ပြူတာနဲ့ပဲ ပြုလုပ်ရတယ်ဆိုပေမဲ့ အဓိက က ရုပ်သေပုံများရေးဆွဲခြင်း၊ ရုပ်အရှင်ပုံများရေးဆွဲခြင်းကို တော့ နားလည်ထားဖို့လိုပါတယ်။ အဲ့အတွက် တော့ ကိုယ်က ပုံဆွဲတဲ့နေရာမှာပါရမီပါပြီး တော့ Comic ပုံလေးတွေရေးဆွဲရတာ၊ ကာတွန်းပုံလေးတွေရေးဆွဲရတာ နှစ်သက်တယ်ဆိုရင်တော့ ကားတွန်းရုပ်ရှင်ရေးဆွဲသူဖြစ်လာနိုင်ပါတယ်။ ပုံဆွဲခြင်းကိုတော့ ကိုယ့်ဝါသနာအရ ပုံတူလေးတွေရေးဆွဲမယ် ကာတွန်းပုံလေးတွေရေးဆွဲမယ် သင်တန်းလေးတွေတက်မယ် စသဖြင့် ကိုယ်တိုင်လေ့လာခြင်းအားဖြင့်သောလည်းကောင်း၊ သင်ယူခြင်းဖြင့်သော်လည်းကောင်း အခြေခံ ကို ခိုင်မာအောင်တည်ဆောက်ရပါမယ်။ တကယ်ပုံဆွဲတဲ့နေရာမှာ နားလည်တယ်၊ ဆွဲတတ်တယ်ဆိုရင်တော့ computer နဲ့ သက်ဆိုင်တဲ့ ပုံဆွဲတဲ့ ဆော့ဖ်ဝဲလ် တွေကို လေ့လာရမှာဖြစ်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ သင်တန်းကျောင်းများလည်း ရှိပါတယ်။ နိုင်ငံက အများကြီးမထောက်ပံ့နိုင်သေးတဲ့ အတွက်၊ သွားရမယ့်လမ်းကြောင်းကို ကိုယ်တိုင်ပဲ ဖောက်ယူရမှာဖြစ်လို့ အခက်အခဲတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ကာတွန်းရုပ်ရှင်ရေးဆွဲသူ တစ်ယောက်ဖြစ်လာဖို့ဆိုတာ ကိုယ့်ရဲ့ အရင်းအနှီးတွေနဲ့ပဲ project အသေးလေးတွေ လုပ်ရင်းနဲ့ပဲ စတင်ရမှာဖြစ်သလို Animation ကုမ္ပဏီတွေမှာ အလုပ်သင်အဖြစ်လုပ်ကိုင်ပြီး လေ့လာဆည်းပူးရမှာဖြစ်ပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

မြန်မာနိုင်ငံမှာ ကားတွန်းရုပ်ရှင်ရှေးဆွဲခြင်းအတွက် အထူးပြုကျောင်းတွေတော့မရှိခဲ့ပေမဲ့ Animator ဖြစ်လာတဲ့သူများအနေနဲ့လည်း ဝါသနာ အရင်းခံပြီး ကိုယ့်လမ်းကိုယ်ဖောက်ကြတဲ့သူတွေဖြစ်ပါတယ်။ Animator တစ်ယောက်ဖြစ်လာဖို့ဆိုတာ 3D Animation, Fine Arts, Commercial Art , Graphic Design စတဲ့ ပညာရပ်နယ်ပယ် တွေနဲ့ လုံးဝ သက်ဆိုင်ပါတယ်။ ပုံဆွဲတတ်ဖို့ က အဓိက ဖြစ်တဲ့အတွက် ပန်းချီသင်တန်းကျောင်း (သို့မဟုတ်) Painting, Sculpture စတဲ့ မေဂျာများကိုသင်ကြားပေးတဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) မှာလည်း တက်ရောက် သင်ကြားနိုင်ပါတယ်။ ဘွဲ့ရမှ Animator တစ်ယောက်ဖြစ်လာခြင်းမျိုးမဟုတ်ပဲ အပြင်သင်တန်းတွေမှာ Animation နည်းပညာတွေကိုလေ့လာလိုက်စားပြီး ကိုယ့်ရဲ့ ကိုယ့်ရဲ့ဝါသနာ၊ ဖန်တီးမှု၊ စိတ်ကူးအပေါ်မှာမူတည်ပြီး အောင်မြင်တဲ့ Animator တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ပုံကောင်းကောင်းဆွဲတတ်တယ် ပုံဆွဲခြင်းအခြေခံရှိထားတယ်ဆိုရင် ကာတွန်းဖန်တီးခြင်းကို လေ့လာနိုင်တဲ့ Myanmar Creative Technology Collage လိုအပြင်သင်တန်းကျောင်းများ ရန်ကုန်မြို့ကြီးများမှာ ရှိပါတယ်။ ဒါ့အပြင် Udemy, Furture Learn, Tutorial Points စတဲ့ website တွေမှာလည်း Self-Study လုပ်လို့ရနိုင်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

Animator တစ်ယောက်ဆိုတာက ကွန်ပြူတာ ဆော့ဖ်ဝဲများဖြင့် ပုံဆွဲညပြီးရုပ်အရှင်ဖြစ်အောင် ဖန်တီးရတာဖြစ်လို့ ပုံဆွဲ တတ်တဲ့သူ၊ ကိုယ်တိုင်လည်းဝါသနာပါပြီး ပုံဆွဲခြင်းမှာ ထူးချွန်တဲ့သူ(အထူးသဖြင့် ကာတွန်းပုံလေးတွေ ဝါသနာပါရေးဆွဲတတ်သူ) တွေနဲ့ သင့်တော်ပါတယ်။ 2D, 3D ရုပ်ကြွဖန်တီးခြင်းများကို စိတ်ဝင်စားလုပ်ကိုင်နိုင်ပြီး ရုပ်ရှင် ဇာတ်ကွက်တွေကို နားလည်တဲ့ အနုပညာ အမြင်ရှိဖို့ လိုအပ်ပါတယ်။ ကိုယ်ဖန်တီးတဲ့ ဇာတ်ကောင်ကို ပိုင်ပိုင်နိုင်နိုင်ရှိရမှာဖြစ်ပြီး သူတို့ ရဲ့သဘာဝ စရိုက်၊ လှုပ်ရှားမှုသဘောတရားတွေ နဲ့ သဘာဝပတ်ဝန်းကျင်အနေအထား အားလုံးကို သိရှိထားဖို့လိုအပ်ပါတယ်။ကာတွန်းရုပ်ရှင် တစ်စက္ကန့်စာကို ပုံ ၂၀၊ ၃၀ အစသဖြင့်ဆယ်နဲ့ချီပြီးရေးဆွဲပြီး အချိန်ပေးရတာကြောင့် Animation ဖန်တီးလိုသူတွေက ဇွဲလုံ့လနဲ့ စိတ်ရှည်မှုလည်း ရှိရမှာဖြစ်ပါတယ်။ Animation လာအပ်တဲ့ သူတွေရဲ့ စိတ်တိုင်းကျဖန်တီးရတာဖြစ်ြပီး သတ်မှတ်ထားတဲ့ ရက်အတိအကျမှာ ပြီးအောင်လုပ်ရတာမျိုးရှိတဲ့အတွက် ဖိအားတွေကြားက လုပ်ကိုင်နိုင်မယ့် သူမျိုးဖြစ်ဖို့လည်း လိုအပ်ပါတယ်။

ပညာအရည်အချင်း

Animator တစ်ယောက်ဖြစ်ဖို့ ပညာအရည်အချင်းရယ်ဆိုတာထက် ကိုယ့်ရဲ့ အနုပညာပါရမီ ရှိဖို့တော့လိုပါတယ်။၊ Animation လို ပညာရပ်က အဓိကအားဖြင့် ကွန်ပြူတာနဲ့ ပဲလုပ်ရတာဖြစ်လို ပုံဆွဲတတ်တယ်ဆိုရင်တောင် ကွန်ပြူတာအခြေခံကို တော့ တတ်ထားသင့်ပါတယ်။ ပုံဆွဲနိုင်ပြီး ကွန်ပြူတာ အခြေခံတတ်ထားတယ်ဆိုရင်တော့ အပြင်သင်တန်းပဲတက်တက်၊ online သင်တန်းပဲတက်တက် လေ့လာရတာ လွယ်ကူမှာပါ။ ဘွဲ့ ရမှ Animator တစ်ယောက်ဖြစ်ရမယ်လို့ သတ်မှတ်ထားခြင်းမရှိပေမဲ့ တက္ကသိုလ်တက်သည်ဖြစ်စေ၊ အပြင်သင်တန်းကျောင်းတက်သည်ဖြစ်စေ၊ အွန်လိုင်းပေါ်မှာ လေ့လာသည်ဖြစ်စေ Animator တစ်ယောက်အဖြစ် ကုမ္ပဏီတွေမှာလုပ်ကိုင်မယ်ဆိုရင်တော့ Animation နဲ့ သက်ဆိုင်တဲ့ သင်တန်းဆင်းလက်မှတ်များတော့လိုအပ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

Animator ဖြစ်ဖို့ သီးသန့် သင်ကြားပေးတဲ့ တက္ကသိုလ်များ၊ ကျောင်းများမရှိပေမဲ့ တက္ကသိုလ်များ၊ သင်တန်းကျောင်းများမှ တစ်ဆင့် ပုံဆွဲနည်းကိုတော့ သင်ကြားလို့ရပါတယ်။ ပုံဆွဲတဲ့ Course တွေပါတဲ့ တက္ကသိုလ်ကျောင်းများကို တော့ (၅)နှစ်၊ ခြောက်နှစ်လောက် တက်ရောက်သင်ကြားရမှာဖြစ်ပြီး သက်ဆိုင်ရာ ဘွဲ့ တစ်ခုခုကို ရရှိမှာဖြစ်ပါတယ်။ ထိုအတွက် ကုန်ကျစရိတ်တွေကတော့ ပုံမှန်တက္ကသိုလ်ကျောင်းသားများလိုပဲ ပညာသင်စရိတ်ထက် နေစရိတ်၊ စားစရိတ်အပေါ် မူတည်လို့ ခန့်မှန်းလို့ မလွယ်လှပါဘူး။ သုံးရင်သုံးသလောက်ကုန်ကျမှာပါ….။ အပြင်သင်တန်းကျောင်းမှာရှိတဲ့ ပုံဆွဲတဲ့ Course မျာအတွက်တော့ အနည်းဆုံး (၅) သောင်းကနေ (၂) သိန်းလောက်ထိ ကုန်ကျမှာပါ။ လက်နဲ့ဆွဲတတ်ပြီးဆိုရင်တော့ ကွန်ပြူ တာဆော့ဖ်ဝဲလ်နဲ့ ဆွဲတတ်ဖို့ အတွက် ဆက်လက် သင်ကြားရဦးမှာဖြစ်ပါတယ်။ ထိုအတွက် သင်တန်းများရှိသလို online ပေါ် ကနေတစ်ဆင့် အလကားသော်လည်းကောင်း၊ ဒေါ်လာပေး၍သော်လည်းကောင်း တက်လို့ရပါတယ်။ အပြင်သင်တန်းတွေကတော့ course အလိုက် (၂) သိန်းကနေ (၄) သိန်းလောက်ထိ ကုန်ကျနိုင်ပါတယ်။ ဒေါ်လာပေးတက်ရတဲ့သင်တန်တွေကတော့ ဒေါ်လာ ၅၀မှ ဒေါ်လာ ၂၀၀ လောက်ထိ ကုန်ကျနိုင်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

မြန်မာနိုင်ငံမှာ Animator တွေရှားပါးပေမဲ့ အလုပ်အကိုင်အနေနဲ့ကတော့ တွင်ကျယ်လှပါတယ်။ သီချင်း Video တွေ၊ ကာတွန်းရုပ်ရှင်တွေ၊ ကာတွန်းဟာသ အတိုလေးတွေ သာမက ကာတွန်းကြော်ငြာလေးတွေလည်း အများကြီးတွေမြင်လာရပါပြီ။ ဒါ့အပြင် Game တွေလည်းအများကြီးပေါ်လာသလို Game မှာ ပါတဲ့ ဇာတ်ကောင်များအတွက် Animation ဖန်တီးပေးရသလို နိုင်ငံခြားကုမ္ပဏီတွေကလည်း Animation project လာအပ်တာမျိုးရှိပါတယ်။ ဒါ့ကြောင့် လစာနဲ့ ဝင်ငွေကတော့ ကိုယ်ရတဲ့ project အကြီးအသေးအပေါ်မူတည်ပြီး သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းတွေအထိ ရလို့ ဝင်ငွေေကောင်းတဲ့ အလုပ်တစ်ခုလို့ ပြောလို့ရပါတယ်။ ကိုယ်ပိုင် Animation သင်တန်းဖွင့်ပြီး Animator လောင်းတွေကို ပြန်လည်သင်ကြားမယ်ဆိုရင်လည်း ဝင်ငွေအသင့်အတင့် ကောင်းတဲ့ အလုပ်တစ်ခုလို့ပြောနိုင်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

ကာတွန်း ဟာသ Video ဖန်တီးခြင်းများ၊ ကာတွန်းဇာတ်လမ်းတို ဖန်တီးမှုများ နဲ့ ကာတွန်းရုပ်ရှင်ဖန်တီးခြင်းသာမက Game တစ်ခု အတွက် ဇာတ်ကောင်များကိုလည်းရေးဆွဲပေးခြင်းများ၊ ကုမ္ပဏီများအတွက် Graphic Logo ရေးဆွဲခြင်းများအတွက် လည်းလုပ်ကိုင်ပေးရပါတယ်။ ကာတွန်းရေးဆွဲတဲ့ အလုပ်က စိတ်ကူးကောင်းရင်ကောင်းသလို နံမည်ရလာပြီး ဝင်ငွေကောင်းလာမှာဖြစ်လို့ အသက်မွေးဝမ်းကြောင်းပညာတစ်ခု အဖြစ်ရပ်တည်လို့ ရနိုင်ပါတယ်။ တစ်ချို့သော Animator တွေက Freelancer အဖြစ်လုပ်ကိုင်သလို ကုမ္ပဏီတွေနဲ့လက်တွဲလုပ်ကိုင်တဲ့သူများလည်းရှိပါတယ်။ ရုပ်ပုံတွေကို လှုပ်ရှားအောင်ပြုလုပ်ရပြီး၊ Video ပြုလုပ်ခြင်းအလုပ်အကိုင်တစ်ခုဖြစ်တဲ့ အတွက် မဂ္ဂဇင်းတိုက်များ၊ ကလေးစာပေနဲ့ ပတ်သက်တဲ့ မဂ္ဂဇင်းထုတ်လုပ်ခြင်း၊ ဂျာနယ်ထုတ်လုပ်ခြင်းလုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ ထို့အပြင် ဆော့ဖ်ဝဲလ် ကုမ္ပဏီများ၊ ကြော်ငြာ အေဂျင်စီ များမှာလည်း ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

ခောတ်တွေတိုးတက်လာတာနဲ့အညီ ဖျော်ဖြေရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ကြော်ငြာလုပ်ငန်းများ တိုးတက်လာပါတယ်။ ဖျော်ဖြေရေးလုပ်ငန်းများမှာလည်း တီထွင်ဆန်းသစ်ကာ ကာတွန်းဟာသများ၊ ကာတွန်းဇာတ်လမ်းတိုများ၊ ရုပ်ရှင်များဖြင့် ပြည်သူများကို ဖျော်ဖြေပေးနေကြပါတယ်။ ဒီလို တိုးတက်လာမှုကို ပြည်သူတွေကလည်း နှစ်သက်သဘောကျသလို ထပ်ပြီးတိုးတက်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းများမှာလည်း ကုန်ပစ္စည်းများအတွက် ကြော်ငြာများကို အပြိုင်အဆိုင် လူစိတ်ဝင်စားမှုရအောင် တီထွင်ဆန်းသစ်လာကြပါတယ်။ နည်းပညာနဲ့ပတ်သက်တဲ့ ကုမ္ပဏီများမှာလည်း လူသားအကျိုးပြု ဆော့ဖ်ဝဲလ်များ၊ အမျိုးမျိုးသော စိတ်ဝင်စားဖွယ် Game များကို တီထွင်လာကြပါတယ်။ ဒါတွေအားလုံးအတွက် Animator တစ်ယောက်ရဲ့ အခန်းဂဏ္ဍက အလွန်အရေးပါသလို ဒီလိုမျိုးအလုပ်တွေကနည်းပညာတိုးတက်လာတာနဲ့အမျှ တိုးတက်နေဦးမှာဖြစ်လို့ အလုပ်ရဲ့ အနာဂတ်က ကောင်းသထက်ကောင်းနေဦးမှာပါ။

အလုပ်အပေါ် စိတ်ကျေနပ်မှု

Animator အလုပ်က ဝါသနာနဲ့ အရင်းခံ လုပ်ရတဲ့ အရာ ဖြစ်လို့ အလုပ်အပေါ်စိတ်ကျေနပ်မှု ရှိနေမှာပါ။စိတ်ကြိုက်ဇာတ်ကောင်တွေကို ဖန်တီးရပြီး စိတ်ကူးရှိတဲ့ဇာတ်လမ်းတွေကို ပုံဖော်ရတဲ့ အတွက် အလုပ်လုပ်ရတာ စိတ်ကျေနပ်နေရမှာပါ။ များပြားလှတဲ့ပုံတွေကို ရေးခြယ်ပြီး project အတွက် အချိန်သတ်မှတ်ပြီးလုပ်ရတာမျိုးဆိုရင် နေ့မနားညမနားကြိုးစားလုပ်ကိုင်ရမှာဖြစ်ပါတယ်။ ဒီလို ကြိုးစားပြီးဆွဲထားတဲ့ ကာတွန်းရုပ်လေးတွေ အသက်ဝင်လှုပ်ရှားတာကို မြင်ရတဲ့ ကြည်နူးမှုကလည်း ဘာနဲ့မှလဲနိုင်မှာမဟုတ်ပါဘူး။ ကိုယ်ပိုင်လုပ်ငန်းလုပ်လို့ ရသလို၊ Freelancer နဲ့အနေနဲ့လည်းလုပ်လို့ရတာကလည်း Animator ရဲ့ အားသာချက်တစ်ခုပါ။ တွေအတန်အသင့် ဝင်ငွေကောင်းတဲ့ အလုပ် ဖြစ်သည့်အပြင် အရိပ်ထဲမှာပဲ လုပ်လို့ရတဲ့ အလုပ်ဖြစ်လို့ အလုပ်လုပ်ရတာ သက်တောင့်သက်သာ ရှိမှာပါ။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

Animator အနည်းငယ်ပဲရှိတဲ့နိုင်ငံမှာ Animation တွေကို ဝါသနာပါတာက အဓိကတွန်းအားတစ်ခုပါ။ ပြချင်တဲ့ ဇာတ်လမ်း၊ ပြချင်တဲ့ ဇာတ်ကောင်တွေက ကြည့်ရှုသူအတွက် အသစ်အဆန်းတွေ ခံစားစေမယ်။ ခံစားမှုတစ်ခုခုရသွားစေမယ်မယ်၊ အသိပညာတစ်ခုခုရသွားစေမယ်ဆိုတဲ့ ခံယူချက်ကလည်း အလုပ်လုပ်တဲ့နေရာမှာ တွန်းအားတစ်ခုဖြစ်နေမှာပါ။ ကြည့်ရှုသူတွေဆီက ရလာတဲ့ လက်ခုတ်သံတွေ၊ ပျော်စရာ Feedback တွေကလည်း အလုပ်ထပ်ထပ်ကြိုးစားဖို့ တွန်းအားပေးနေမှာဖြစ်ပါတယ်။ အတန်အသင့်ရတဲ့ ငွေကြေးပမာဏနဲ့ သက်တောင့်သက်သာလုပ်ကိုင် နိုင်ခြင်းကလည်း သူတို့ကိုရေရှည်လုပ်နိုင်ဖို့တွန်းအားတစ်ခုဖြစ်နေမှာပါ။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ