Bartender ဆိုတာ

 Bartender အလုပ်ဆိုတာ

ဒီဖက်နောက်ပိုင်းခေတ်မှာ လူငယ်တွေကြားထဲ ဘားထိုင်လေ့ရှိတဲ့ ယဉ်ကျေးမှုတစ်ရပ်က ခေတ်စားလာပြီလို့ မြင်မိပါတယ်။ Bar မှာ သူငယ်ချင်းတွေစုပြီး ထွေရာလေးပါးပြောကြရတာလည်း ပျော်စရာပါ။ တစ်ကယ်လို့ ကိုယ်ကိုကိုယ်တိုင် အခြေအနေမကြုံလို့ ဘားမထိုင်ဘူးရင်တောင် ရုပ်ရှင်တွေထဲမှာ မင်းသား မင်းသမီးတို့ ဘားမှာ ထိုင်စကားပြောကြတာ တွေ့မြင်ဖူး ကြမှာပါ။ Bar ရောက်ပြီဆိုရင် ဧည့်သည်တွေက သောက်စရာ တစ်ခုခုတော့ မှာသောက်ြကရတယ်။ အဖျော်ယမကာ တွေ ဆိုတာလည်း ဘီယာ တွေ ဝီစကီတွေ ပဲ မဟုတ်ဘဲ တခြားရောစပ် သောက်သုံးလို့ရတဲ့ အမျိုးအစားတွေကလည်း စုံလင်ပါတယ်။ အဲဒီမှာမှ နည်းလမ်းတကျ ဖျော်စပ်တတ်ခြင်းမရှိရင် အရသာလည်း ပျက်သလို သောက်မဲ့သူလည်း မလိုအပ်ပဲ ကျန်းမာရေး ထိခိုက်လာနိုင်တာထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘားကိုလာတဲ့ ဧည့်သည်တွေ အကြိုက်တွေ့အောင် တစ်ကယ်ကောင်းမွန်တဲ့ အဖျော်ယမကာ တစ်ခွက် ဖျော်စပ်ပေးရတာ လည်း ဘားခုံတွေနောက်က Bartender တွေရဲ့ ပညာရပ်တစ်ခုပါပဲ။ ဒါ့အပြင် Bar တစ်ခုမှာ ပုံမှန် အမြဲလာနေကျ ဧည့်သည်တွေ ကလည်း Bartender ရဲ့ ဖော်ရွေတဲ့ ဝန်ဆောင်မှု ကို နှစ်သက်တတ်ကြတာမို့ လူမှုဆက်ဆံရေး ကောင်းဖို့ကလည်း Bartender တစ်ခုမှာ လိုအပ်တဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

Bartender  တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

Bartender အများစုကတော့ Bar တွေမှာ ဝင်ရောက်လုပ်ကိုင်ရင်း စီနီယာ Bartender တွေကို ကူညီပေးရာကနေ လက်တွေ့သင်ယူပြီး အလုပ်ပါ တစ်ခါထဲ လုပ်ရတာမျိုးနဲ့ Bartender လောကကို ဝင်ရောက်လေ့ရှိကြပါတယ်။ Bartender အလုပ် ကို လုပ်ကိုင်ဖို့ ရည်ရွယ်ချက် ရှိတဲ့သူတွေအနေနဲ့ Professional Bartending Class တက်ရောက်ထားမယ် ဆိုရင်တော့ အကောင်းဆုံး ပါပဲ။ Bartending ပညာရပ်ဟာ အစားအသောက် လုပ်ငန်း၊ ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်း တို့နဲ့ ဆက်နွယ်တာဖြစ်လို့ မြန်မာနိုင်ငံမှာတော့ Bartending course တွေကို Hospitality Management သင်တန်းကျောင်းတွေမှာ တက်ရောက်နိုင်ပါတယ်။ ရန်ကုန်မှာ ဆိုရင်တော့ Star Academy, MHTi – M Hospitality & Tourism Institute, Galaxy Bartender School စတဲ့ သင်တန်းကျောင်းမှာ အခြေခံကစ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံး သွားချိန်မှာတော့ Professional Bartender တစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မှာ ဖြစ်ပြီး သင်တန်းကျောင်း အချို့ကလည်း အလုပ်တွေပါ တစ်ခါတည်း ဆက်သွယ်ပေးတယ် လို့ သိရပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

အဖျော် အရည်လုပ်ငန်း ယမကာတွေနဲ့ နီးနီးစပ်စပ်နေရမှာ ဖြစ်တဲ့ အတွက် ယမကာ ကြိုက်တတ်သူ ဖြစ်ပြီး အသစ်အဆန်း Menu တွေကို ဖန်တီးချင်သူ တွေအတွက်ကတော့ Bartender အလုပ်က အသင့်တော်ဆုံးပါပဲ။ ယမကာ ကြိုက်သူ ဆိုပေမဲ့လည်း တန်ဆေးလွန်ဘေး ဆိုသလို မိမိကိုယ်ကို ထိန်းသိမ်းနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ အခန့်မသင့်ရင် အရက်သမား လုံးလုံး ဖြစ်သွားနိုင်တဲ့ အထိ ယမကာ တွေနဲ့ နီးစပ်ရမှာ ဖြစ်လို့ စည်းကမ်းရှိဖို့တောာ့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း များသောအားဖြင့် ဘား ပိုင်ရှင် ဆိုင်ရှင်တွေက Bartender တွေကို စည်းကမ်းတင်းကြပ် ထားလေ့ရှိပါတယ်။ ဒါ့အပြင် Bartender အလုပ်ဆိုတာ စျေးဝယ်သူတွေကို ဝန်ဆောင်မှု ပေးခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ သင်သာ ဧည့်သည် တွေနဲ့ ဖော်ဖော်ရွေရွေ ရှိပြီး ရင်းရင်းနှီးနှီး နေတတ်တဲ့ Bartender တစ်ယောက် ဆိုရင် စားသောက်ဆိုင်အတွက် ပုံမှန် စားသုံးသူ တစ်ယောက် ရမှာ ဖြစ်သလို သင့်အတွက်လည်း မျက်နှာပန်းလှတာပေါ့။ Bartending skill တွေအပြင် လူမှု ဆက်ဆံရေးပိုင်းမှာပါ လိမ္မာပါးနပ်သူ ဖြစ်ဖို့ ကတော့ Professional Bartender မှာ ရှိသင့်တဲ့ အရည်အချင်းတွေပါပဲ။

ပညာအရည်အချင်း

Bartender တစ်ယောက်အတွက် ဘယ်လိုဘွဲ့ ရမှ ဆိုတာထက် မိမိရဲ့ နယ်ပယ် Bartending နဲ့ သက်ဆိုင်ပြီး သီအိုရီ ကျကျ နားလည်ကြောင်း လက်မှတ် ဖြစ်တဲ့ Bartending course တတ်မြောက်ထား ရင် လုံလောက်ပါတယ်။ သို့ပေမဲ့လည်း လက်တွေ့ အသုံးချရတဲ့ On-job Training ကတော့ Bartender တစ်ယောက်အတွက် အဓိက အကျဆုံးပဲ ဖြစ်တယ်လို့ Professional Bartender များကလည်း ဆိုထားပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

အစိုးရ တက္ကသိုလ်တွေမှာတော့ သင်ကြားခြင်းမရှိသေးပေမဲ့ အခြား ပုဂ္ဂလိက သင်တန်းကျောင်းတွေမှာတော့ အနည်းဆုံး ၁လခွဲလောက်ကနေ ၂လ သို့မဟုတ် ၂လခွဲ လောက်ထိ Bartending course တွေကို လေ့လာနိုင်ပါတယ်။ ဒါ့အပြင် သင်တန်းကျောင်းပေါ်မူတည်ပြီး ကုန်ကျမဲ့ သင်တန်းကြေးတွေကတော့ အနည်း အများ ကွဲပြားလျက်ရှိပါတယ်။ ပျမ်းမျှ အားဖြင့် ၃သိန်းလောက်က စတင်ပြီး ၄သိန်း၊ ၄သိန်းခွဲလောက်ထိ ရှိပြီး သင်တန်းကာလ ပြီးဆုံးချိန်မှာတော့ မိမိကြိုးစား အားထုတ်မှု အလျောက် Professional တစ်ယောက် အဖြစ် ရပ်တည်နိုင်မှာပဲ ဖြစ်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

Bartender တစ်ယောက်ရဲ့ ဝင်ငွေကတော့ မိမိရဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ မိမိလုပ်ကိုင်မယ့် ဆိုင်တွေရဲ့ နံမည်ကျော်ကြားမှုအပေါ်မှာ မူတည်ပါတယ်။ Junior Bartender တစ်ယောက်ရဲ့ပျှမ်းမျှ တစ်လစာဝင်ငွေကတော့ (၃) သိန်းမှ (၅) သိန်းအထိရရှိနိုင်ပြီး ကျွမ်းကျင် Bartender တစ်ယောက်ရဲ့ ပျှမ်းမျှလစာက (၈) သိန်းမှ (၁၀) သိန်းကျော်အထိရရှိနိုင်မှာဖြစ်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

Bartender တစ်ယောက်အနေနဲ့ လုပ်ဆောင်ရမယ့်အရာက ဖျော်ရည်ယာမကာတွေရဲ့အရသာတွေကို ပိုမိုသစ်ဆန်းပြီး အနံ့အရသာနဲ့ ပြည့်စုံအောင် ဖျော်စပ်ပေးရတာဖြစ်ပါတယ်။ ဒါ့ကြောင့် Bartender များအနေနဲ့ နိုင်ငံတကာ အဆင့်မှီစားသောက်ဆိုင်များ၊ အရက်ဘားများ၊ ဟိုတယ်များနဲ့ တခြားသော အစားအသောက်နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု ပေးတဲ့ ဆိုင်များမှာ အလုပ်ရနိုင်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

ဘားဆိုတဲ့ယဉ်ကျေးမှုက အရင်တုန်းကတော့ မတွေ့ရသလောက်ရှားပါးပေမဲ့ ခုခေတ်မှာတော့ ခေတ်တွေရဲ့တိုးတက်ပြောင်းလဲမှုတွေနဲ့အတွက် နိုင်ငံခြားယဉ်ကျေးမှုဖြစ်တဲ့ Bar တွေကို ရန်ကုန်မြို့မှာ အများအပြားတွေ့နေရသလို နယ်မြို့လေးတွေမှာတောင် ရှိလာတဲ့အခြေအနေတစ်ခုဖြစ်လာပါပြီ။ Bar သွားပြီး ကိုယ့်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သွားရောက်ဖြေဖျောက်တာမျိုးတွေက လူငယ်၊ လူကြီးကြားရေပန်းစားလာတာကြောင့် Bar တွေကလည်း တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် အဆင့်မှီ လုပ်ဆောင်လာကြတာကိုတွေ့ရပါတယ်။ ဒီအတွက် ဘားတွေမှာ ကျွမ်းကျင်အဖျော်ဆရာ (Bartender) တွေကို လိုအပ်လာသလို ဘားတစ်ခု နာမည်ကြီးခြင်းက Bartender တွေနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်။ ဒါ့အပြင် အစားအသောက်နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတွေမှာ အဖျော်ပြိုင်ပွဲတွေကိုပါ တွေ့ရှိလာရပြီး တိုးတက်လာမယ့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းတွေ အတူ Bartender တွေရဲ့ အလုပ်အကိုင် အနာဂတ်ကလည်း တိုးတက်ကောင်းမွန်နေဦးမှာဖြစ်ပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ