သွားဆရာဝန် (Dentist)

လူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် သွားနှင့်ခံတွင်းမှတစ်ဆင့် စောက်ရှောက်ပေးသူ

သွားဆရာဝန်တစ်ယောက်ဆိုတာက သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်ရတဲ့သူတွေလို့ အရှင်းဆုံးအဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် အစားအစာ တွေကို စားသောက်တဲ့အခါ ပါးစပ်သန့်ရှင်းစေဖို့က အရေးကြီးပါတာဖြစ်လို့ သွားနဲ့ ခံတွင်းကျန်းမာရေးဆိုတာက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးဖြစ်ပါတယ်။ ခံတွင်းသန့်ရှင်းဖို့၊ အနံ့မထွက်ဖို့ဆိုတာက အစားအသောက်တစ်ခုထဲအတွက်တော့မဟုတ်ပါဘူး။ လူတွေနဲ့ပြောဆိုဆက်ဆံတဲ့ အခါမှာ ခံတွင်းက အနံ့ဆိုးကြီးနဲ့ဆိုရင် မနှစ်မြို့စရာ ဖြစ်ရပါမယ်။ ဒါ့ကြောင့် သွားဆရာဝန်တွေအနေနဲ့ လူတွေရဲ့ ကျန်းမာရေးအတွက်သော်လည်းကောင်း၊ လူမှုရေးအတွက်သော်လည်းကောင်း တစ်ထောင့်တစ်နေရာ အရေးပါတဲ့ပညာရှင်တွေဖြစ်ပါတယ်။ သွားဆရာဝန်တွေရဲ့ အလုပ်တာဝန်ဖြစ်တဲ့ ပုံမှန်စစ်ဆေးခြင်းများအပြင် သွားနှုတ်ခြင်း၊ သွားချေးချွတ်ခြင်း၊ ခံတွင်းသန့်ရှင်းခြင်း စတဲ့ခွဲစိတ်ကုသရတာမျိုးလည်း ပြုလုပ်ရပါတယ်။ သက်ဆိုင်ရာအစိတ်အပိုင်းအလိုက် ကျွမ်းကျင်ပညာရှင်များလည်း ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

သွားဆရာဝန် တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

မြန်မာနိုင်ငံမှာတော့ သွားဆရာဝန်တစ်ယောက်ဖြစ်ဖို့အတွက် အစိုးရဖွင့်လှစ်ထားတဲံ သွားဆေး တက္ကသိုလ်ကျောင်းများမှာ ပညာသင်ကြားခြင်းနဲ့ အစပြုရမှာဖြစ်ပါတယ်။ သွားဆေး တက္ကသိုလ်ကျောင်းများမှာ ဝင်ခွင့်အမှတ်နဲ့ သတ်မှတ်ထားတာဖြစ်လို့ တက္ကသိုလ်ဝင်တန်းအမှတ်ရရှိမှုနှုန်းက အရေးပါတဲ့ အခန်းဂဏ္ဍတစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းမှာ ရှိတဲ့ Biology, Physics, Chemistry ဘာသာရပ်များသင်ကြားတဲ့ အတွဲ(၇) ကသာ သွားဆေးတက္ကသိုလ်မှာတက်ရောက်ဖို့အထောက်အကူဖြစ်စေမှာပါ။ သက်ဆိုင်ရာသွားဆေးတက္ကသိုလ်တွေမှာ သွားနဲ့ခံတွင်းဆိုင်ရာဆေးပညာမျာကို သင်ယူပြီး သက်ဆိုင်ရာဘွဲ့ ကို ရရှိမှသာ သွားဘက်ဆိုင်ရာဆရာဝန်တစ်ယောက်ဖြစ်ခွင့်ရမှာဖြစ်ပါတယ်။ တက္ကသိုလ်တွေအနေနဲ့ ခြေက်နှစ်တက်ရောက်ရမှာဖြစ်ပြီး တက္ကသိုလ်နောက်ဆုံးနှစ်မှာတော့ house surgeon Training တစ်နှစ်ကို သတ်မှတ်ပေးထားတဲ့ ဆေးရုံ တွေမှာ လက်တွေ့ကုသခြင်းများကို တစ်နှစ်ခန့် သင်ကြားရမှာဖြစ်ပါတယ်။ သွားဘက်ဆိုင်ရာ ဘွဲ့ရရှိပြီး သွားဘက်ဆိုင်ရာကုသရေးလေုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ရင်း နဲ့ လုပ်ငန်းကျွမ်းကျင်ရယူကာ Professional သွားဆရာဝန်တစ်ယောက်အဖြစ်ရပ်တည်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

မြန်မာနိုင်ငံမှာ သွားဘက်ဆိုင်ရာ ဆေးပညာများ ကို လေ့လာနိုင်တဲ့ ကျောင်းများအနေနဲ့ University of Dental Medicine, Yangon နဲ့ University of Dental Medicine, Madalay စတဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှစ်ခုရှိပါတယ်။ ပုဂ္ဂလိက သွားဘက်ဆိုင်ရာဆေးကျောင်းဖွင့်လှစ်ထားတာမျိုးမရှိသေးတဲ့အတွက် ရွေးချယ်စရာအနေနဲ့အစိုးရကျောင်းပဲရှိသေးပါတယ်။ ဒီအတွက် တက္ကသိုလ်ဝင်တန်းမှာ ရမှတ်များများရရှိဖို့ကို အထူးလိုအပ်ပါတယ်။ သွားဆေးတက္ကသိုလ်တွေအနေနဲ့ ခြောက်နှစ်ခန့်တက်ရောက်ရမှာဖြစ်ပြီး နောက်ဆုံးနှစ်မှာ house surgeon training တစ်နှစ်ကို သတ်မှတ်ထားတဲ့ဆေးရုံ၊ ဆေးခန်းမှာ လက်တွေကုသ သင်ကြားရမှာဖြစ်ပါတယ်။ house Surgeon training အောင်မြင်စွာပြီးဆုံးသွားတဲ့ နောက်မှာတော့ B.D.S Degree ကို ရရှိမှာဖြစ်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

သွားဖက်ဆိုင်ရာ ဆေးပညာကို စိတ်ပါဝင်စားပြီး ဆေးကုသရေးမှာဝါသနာပါတဲ့သူများအတွက်တော့ သွားဘက်ဆိုင်ရာ ဆရာဝန်ဖြစ်ဖို့ သင့်တော်ပါတယ်။ လူနာတွေကို ထိရောက်စွာကုသနိုင်ဖို့ ဆိုတာ ဆေးပညာကိုအမြဲတမ်း Research လုပ်၊ စာအုပ်တွေများများဖတ် စူးစမ်းလေ့လာတဲ့သူများကသာ သင့်တော်မယ့်အလုပ်တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုသာမက လူနာတွေအပေါ် စိတ်ရှည်မှု၊ ဂရုစိုက်ပေးနိုင်မှုအပြင် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ဖို့ကလည်း အဓိက လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ခွဲစိတ်ကုသတာမျိုးက ကြောက်ရွံ့နေရင်မှားမှားယွင်းယွင်းဖြစ်နိုင်လို့ သွားဘက်ဆိုင်ရာ ဆရာဝန်တွေအနေနဲ့ သွေးသန်ရဲရဲကိုမကြောက်မရွံ့တဲ့သတ္တိရှိဖို့လိုအပ်ပါတယ်။ နည်းပညာမြင့်မားလာတာနဲ့အမျှ ကုသရေးပိုင်းမှာ အသုံးပြုတဲ့ စက်များကလည်းအဆင့်မြင့်သထက်မြင့်လာတာဖြစ်လို့ နည်းပညာလေ့လာလိုက်စားမှုကလည်းအထူးလိုအပ်ပါတယ်။ သွားနဲ့ခံတွင်းဆိုတာက လူ့ခန္ဓာကိုယ်မှာ ညစ်ပတ်တဲ့အရာတစ်ခုဖြစ်လို့ မရွံမရှာကုသပေးနိုင်တဲ့သူများနဲ့သာ သင့်တော်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။

ပညာအရည်အချင်း

သွားဖက်ဆိုင်ရာဆေးကုသမှှုဆိုတာက ဇီဝဗေဒပညာ၊ ဆေးပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပညာ၊ သွားနဲ့ခံတွင်းဆိုင်ရာအသိပညာ၊ စိတ်ပညာ စတဲ့ အသိပညာတွေရှိဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာဆေတာ့ သွားဆရာဝန်တစ်ယောက်ဖြစ်ဖို့ဆိုတာက အနည်းဆုံးပညာအရည်အချင်း B.D.S Degree ကိုင်ဆောင်ထားဖို့လိုအပ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

အစိုးရတက္ကသိုလ်တွေမှာ ကျောင်းလခအနေနဲ့ များများစားစားကုန်ကျမှ မဟုတ်သော်လည်း သွားဆေးဆိုင်ရာတက္ကသိုလ်များအနေနဲ့ သင်ထောက်ကူ ပစ္စည်းများ၊ လေ့လာသင်ယူရမယ့်စာအုပ်များကို အစိုးရမှ မထောက်ပံ့နိုင်သေးတဲ့ အတွက် ကိုယ်တိုင်ဝယ်ယူရမှာဖြစ်ပါတယ်။ သင်ကြားရမယ့်ဘာသာရပ်များစွာရဲ့ ဌာနများမှာလည်း Semester တစ်ခုစီတိုင်းမှာ ငွေသွင်းရပြီး ပညာသင်နှစ်အလိုက်ကွာခြားမှုရှိပါတယ်။ ဒါ့အပြင် ကျောင်းသားတစ်ဦးရဲ့ အဆောင်စရိတ်၊ စားစရိတ်ဆိုတာလည်း ရှိသေးတဲ့အတွက် ကျောင်းစရိတ်ကို အတိအကျ ခန့်မှန်းလို့မရနိုင်ပေမဲ့ တစ်နှစ်ကို ပျှမ်းမျှ သိန်း(၂၀) ဝန်းကျင်လောက်ကုန်ကျနိုင်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

ကိုယ်ပိုင်ဆေးခန်းဖြင့် လုပ်ကိုင်နေတဲ့ သွားဆရာဝန်များအနေနဲ့ နေရာဒေသ၊ ကုသရတဲ့လူနာအရေအတွက်ပေါ်မူတည်တဲ့အတွက် ဝင်ငွေကို တော့ခန့်မှန်းရခက်ပါတယ်။ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းမှာ လုပ်ကိုင်တဲ့သွားဆရာဝန်တွေအနေနဲ့ ကုသရတဲ့ အပေါ်မူတည်ပြီး ကုသငွေရဲ့ ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိရရှိမှာဖြစ်ပါတယ်။ အစိုးရဆေးရုံတွေမှာတော့ လုပ်သက်အလိုက်၊ ရာထူးအလိုက် လစာနှုန်းထားကွားခြားမှုရှိပြီး ခန့်မှန်းခြေ (၃) သိန်းမှ (၅) သိန်းအထိရှိနိုင်ပါတယ်။ သင်ကြားရေးပိုင်းမှာလည်း ရာထူးအလိုက်လစာ ရရှိမှုက ကွားခြားမှုရှိသလို ခန့်မှန်းခြေ (၂) သိန်းမှ (၅)သိန်းအထိရှိနိုင်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

သွားဆရာဝန်များအနေနဲ့ ကုသရေးသာမက သွားဆေးတက္ကသိုလ်တွေရဲ့ သင်ကြားရေးမှာလည်း ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ ကုသရေးပိုင်းမှာတော့ ကိုယ်ပိုင် သွားဆေးခန်းဖြင့်လုပ်ကိုင်နိုင်သလို ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းနဲ့ အစိုးရ ဆေးရုံတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ သင်ကြားရေးအနေနဲ့ အစိုးရမှအလုပ်ခေါ်ယူတာမျိုးရှိပေမဲ့ အစိုးရဆေးရုံများမှာ ကုသရေး လုပ်ငန်းတစ်နှစ်မှနှစ်နှစ်လုပ်ကိုင်ဖူးသူများသား လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

ခေတ်တွေတစ်ဖြည်းဖြည်းတိုးတက်လာတာနဲ့အညီ သွားကျန်းမာရေးအတွက် အသုံးပြုတဲ့ စက်တွေ၊ နည်းပညာတွေကလည်း တိုးတက်လာပါတယ်။ အရင်ကထက်ပိုမိုကောင်းမွန်လာပြီး နာကျင်တာတွေ၊ အသံမြည်တာတွေက ပိုမိုသက်သာလာပါတယ်။ ဒီအတွက် အရင်က သွားဆေးခန်းပြဖို့ ကြောက်ရွံ့တာတွေလည်းမရှိတော့သလို သွားကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်ရမယ်ဆိုတာကို လူတွေပိုမို သိလာကြပါပြီ။ ဒါ့အပြင် အလှအပအတွက် သွားညှိခြင်းက ဒီဘက်ခေတ်မှာတော့ တော်တော်လေး Popular ဖြစ်လာပါတယ်။ ဒါ့ကြောင့် အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ သွားဆရာဝန်အရေအတွက် နည်းပါးနေပေမဲ့ နောင်လာမယ့်အချိန်တွေမှာတော့ လူတွေရဲ့သွားကျန်းမာရေး စောင့်ရှောက်မှု အမြင်ကျယ်ပြန့်လာတာနဲ့အမျှ ပိုမိုတွင်ကျယ်လာမယ်ဆိုတာတော့ အမွန္တရားတစ္ခုပါပဲ။

အလုပ်အပေါ် စိတ်ကျေနပ်မှု

သွားဆိုတာက လူတွေအတွက် အစားအစာ စားသုံးဖို့မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို သွားနဲ့ ခံတွင်းသန့်ရှင်းကျန်းမာမှ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် သွားဆရာဝန်တွေအနေနဲ့ လူတွေရဲ့ ကျန်းမာရေးအတွက် အရေးပါသလို အလုပ်လုပ်ရင်း ကောင်းမှုကုသိုလ်ရတဲ့အတွက် ပီတိဖြစ်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် သွားဘက်ဆိုင်ရာ ကျန်းမာရေးအသိအမြင်ပြန့်ပွားလာတဲ့ မြန်မာနိုင်ငံမှာတော့ လူတွေရဲ့သွားကျန်းမာရေးအတွက် ပိုမို ဂရုစိုက်သလို ပုံမှန် သွားနဲ့ ခံတွင်းစစ်ဆေးမှု ကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီအတွက် အရင်ခေတ်ကထက် ပိုမိုကောင်းမွန်တဲ့ ဝင်ငွေနဲ့ အသက်မွေးဝမ်းကြောင်းပြုလာနိုင်တဲ့အတွက် အလုပ်ပေါ် စိတ်ကျေနပ်မှုရှိမယ်ဆိုတာကတော့ သက်သေပြစရာမလိုတဲ့ အမှန်တရားတစ်ခုပါပဲ။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

နိုင်ငံရဲ့ အနေအထားနဲ့ လူတွေရဲ့ သွားဘက်ဆိုင်ရာအသိတွေပိုမို ကျယ်ပြန့်လာတာမှန်သော်လည်း ဒီထက်ပိုမို အသိပညာပြန့်ပွားဖို့ကို လုပ်ဆောင်ဖို့လိုတယ့် အတိုင်းအတာတစ်ခုက သူတို့ကို အလုပ်ပိုမိုကြိုးစားလုပ်ကိုင်ဖို့ တွန်းအားတစ်ခုအနေနဲ့ရှိနေမှာဖြစ်ပါတယ်။ သွားကျန်းမာရေးက လူတွေအတွက် အရေးပါတဲ့အရာတစ်ခုဖြစ်သလို လူတွေအတွက် အကျိုးရှိတဲ့အရာတွေအတွက် ပျော်ရွင်ရတဲ့ခံစားချက်တွေက အလုပ်ကို ရည်ရှည်ရပ်တည်လုပ်ကိုင်ဖို့ တွန်းအားတစ်ရပ်ဖြစ်နေမှာပါ။ သင့်တင့်လှတဲ့ ဝင်ငွေနဲ့ ပင်ပင်ပန်းပန်းလုပ်ကိုင်ရတဲ့ အလုပ်မျိုးမဟုတ်တဲ့အတွက် သူတို့ဘဝရပ်တည်ဖို့အတွက် တွန်းအားတစ်ခုအဖြစ်ရပ်တည်နေမှာဖြစ်ပါတယ်

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ