Event Planner ဆိုသည်မှာ

Event Planner အလုပ်ဆိုတာ

ခမ်းနားတဲ့ ပွဲ အစီအစဉ်တစ်ခု၊ ဧည့်သည်တွေပျော်တဲ့ Event တစ်ခု ဖြစ်လာဖို့ ဆိုတာ လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ပွဲ တစ်ခု စီစဉ်ရတာ ဟာ ဘယ်လောက်တောင် ခက်ခဲပြီး အလုပ်ရှုပ်ရလဲဆိုတာ ပွဲ စီစဉ်ဖူးတဲ့သူ တွေ နားလည်နိုင်ပါတယ်။ ပွဲတစ်ပွဲ စီစဉ်ဖို့ အတွက် ကြီးကြပ်ရတဲ့အရာတွေ ပူးပေါင်းလုပ်ဆောင်ရတဲ့ Teamwork စတဲ့ အရာတွေကို တာဝန်ယူ လုပ်ဆောင်ပေးနေသူတွေကတော့ Event Planner တွေပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ် Live the Dream ရဲ့ Career week အစီအစဉ်မှာတော့ စာဖတ်သူတို့ အတွက် Event Planner အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်လမ်းကြောင်း၊ လစာ ဝင်ငွေ နဲ့ အလုပ်ရဲ့ အနာဂတ် တွေကို လက်လှမ်းမှီသလောက် တင်ဆက်ပေးလိုက်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

Event Planner တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ပွဲစီစဉ်သူ ( Event Planner) ဆိုတဲ့ အလုပ်အကိုင်ကို ကြားရင်တော့ ထူးထူးဆန်းဆန်းဖြစ်နေပေမယ့် အခုခေတ်မှာတော့ ပွဲစီစဉ်ရတဲ့အလုပ်အကိုင်ကတော့ ခေတ်စားလာတဲ့အလုပ်အကိုင်တစ်ခုလို့ပြောလို့ရပါတယ်။ ပွဲစီစဉ်သူတွေ အနေနဲ့ မင်္ဂလာဆောင်ပွဲ၊ ပရိုမိုးရှင်းပွဲ၊ ပညာရေး စီးပွားရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲ၊ မိတ်ဆုံစားပွဲ စတဲ့ ပျော်ပွဲရွင်ပွဲတွေရဲ့အစအဆုံးကို စီစဉ်ရတဲ့သူတွေဖြစ်ပါတယ်။ ပွဲဖြစ်မြောက်ရေးအတွက် Customer ဘက်က စိတ်တိုင်းကျဖြစ်အောင်၊ ပွဲတက်ရောက်သူတွေ စိတ်တိုင်းကျဖြစ်အောင် စီစဉ်ရတာဖြစ်လို့ လွယ်ကူတဲ့အလုပ်အကိုင်တစ်ခုတော့မဟုတ်ပါဘူး။ အလုပ်အပ်တဲ့သူရဲ့လိုအပ်ချက်နဲ့ ပွဲစီစဉ်မှုရဲ့ရည်ရွယ်ချက်အတွက် ဆွေးနွေးမှုတွေလုပ်ရတယ်။ ပွဲတစ်ခု အတွက် လိုအပ်တဲ့နေရာ၊ လုပ်မယ့်အချိန်၊ ကုန်ကျမယ့်ကုန်ကျစရိတ်နဲ့ ပွဲအတွင်းလုပ်ဆောင်မယ့် program တွေ အားလုံးကို Planning ရေးဆွဲရတယ်။ ပွဲစီစဉ်မယ့်နေရာနဲ့ကိုက်ညီမယ့် နေရာတွေကို ရှာဖွေပေးရသလို ပွဲအတွက် လိုအပ်တဲ့ပန်းအလှပြင်ပေးတဲ့သူ၊ ဓါတ်ပုံဆရာ၊ မီးအလှဆင်ပေးမယ့်သူ၊ အစားအသောက် services ၊ သယ်ယူပို့ဆောင်ရေး (transportation Services) များကိုလည်း ပွဲအတွက် လိုအပ်ရင်လိုအပ်သလို ရှာဖွေပေးရပြီး ပူးပေါင်းဆောင်ရွက်ရပါတယ်။ ပွဲအတွင်းလှပ ခမ်းနားပြီး Customer စိတ်ကြိုက်ဖြစ်စေတဲ့အထိ စီစဉ်ပေးရသလို ပွဲ ဖြစ်မြောက်သွားပြီးတဲ့အခါမှာလည်း Customer နဲ့ ပွဲတက်သူတွေရဲ့ စိတ်ကျေနပ်မှုရှိမရှိ ပွဲရဲ့ရလာဒ်တွေကို စောင့်ကြည့်မှတ်တမ်းတင်ရပါတယ်။ ဒါ့ကြောင့် ပွဲတစ်ခုဖြစ်မြောက်ဖို့၊ စိတ်ကျေနပ်မှုရရှိတဲ့ပွဲတစ်ခုဖြစ်စေဖို့ဆိုတာတော့ Event Planner ( ပွဲစီစဉ်သူတွေ ) အပေါ်မှာအများကြီးမူတည်တဲ့အတွက် Event Planner တွေက လူတွေရဲ့စိတ်ကျေနပ်မှုရမယ့် ပျော်ရွှင်ရမယ့်ပွဲတွေကို ဖန်တီးပေးတဲ့ ဖန်တီးရှင်တွေလို့ပြောရင်လည်းမမွားနိုင်ဘူး။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

Event Planning ပိုင်းနဲ့ ပက်သက်ရင်တော့ Event Planning Class ဆိုပြီး သီးသန့် ဖွင့်လှစ်ထားတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် Myanmar Institute of Business (MIB) နဲ့ Strategy First University (SFU) မှာဆိုရင်တော့ Event Management ပိုင်းဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်ထားတာမျိုး ရှိတာမို့ Event Planning နဲ့ Event Management က အနည်းငယ် ကွဲပြားမှုလေးတွေတော့ ရှိပေမယ့်လည်း အနီးစပ်ဆုံး သင်ယူလို့ ရနိုင်ပါတယ်။ ဒါ့အပြင် Event Planning နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို တခြားဘာသာရပ်တွေမှာလည်း လေ့လာလို့ ရပါသေးတယ်။ ဥပမာ Hospitality Management, Tourism Management, Marketing, Public Relations, Communication, Management စတဲ့ သင်တန်းမျိုးတွေမှာ Event Planning ဆိုင်ရာ ဗဟုသုတတွေ အများကြီး ရနိုင်တာမို့ ဒီလို သင်တန်းလေးတွေကနေတစ်ဆင့်လည်း Event Planning ကိုသင်ယူနိုင်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

Event Planner တွေဆိုတာ ပွဲအစီအစဉ်တစ်ခုလုံးကို အစအဆုံး တာဝန်ယူရတာ ဖြစ်ပါတယ်။ အခမ်းအနားအပြင်အဆင်၊ အစားအသောက်၊ နေရာထိုင်ခင်း၊ လမ်းပန်းဆယ်သွယ်ရေး စသဖြင့် ဘက်ပေါင်းစုံက အဆင်ပြေအောင် တာဝန်ယူ ကြီးကြပ်ပေးရတာပဲ ဖြစ်ပါတယ်။ အခမ်အနား ကောင်းတစ်ခု ဖြစ်လာဖို့ အတွက် လိုအပ်တဲ့ ကဏ္ဍအားလုံးမှာ ကြီးကြပ်နိုင်ဖို့ Management skills လည်း ကောင်းမွန်တဲ့ သူမျိုး ဖြစ်ပြီး ခေါင်းအစားခံနိုင်တဲ့ သူ ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ တချို့ Promotion ပွဲတွေမှာဆို Game တွေပါ ကစားရမှာ ဖြစ်တဲ့ အတွက် ပွဲလာ ဧည့်သည်တွေ ပျော်အောင် ဆန်းသစ်တဲ့ ကစားနည်းတွေနဲ့ ဆွဲဆောင်နိုင်ဖို့ Creative ဖြစ်တဲ့ သူမျိုး နဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် နောက်ထပ် ပွဲငှားနိုင်မဲ့ customer တွေရအောင် ဖော်ရွှေတဲ့ အပြုံးနဲ့ လူတွေကို မိတ်ဖွဲ့ စကားပြောရတာမျိုးကို နှစ်သက်တဲ့ သူတွေ ဟာ event planner လုပ်ငန်း နဲ့ သင့်တော်တဲ့ သူတွေပဲ ဖြစ်ပါတယ်။

ပညာအရည်အချင်း

Event Planner တစ်ယောက်အတွက် စီမံခန့်ခွဲနိုင်စွမ်းနဲ့ အရည်အချင်းက အရေးကြီးဆုံး ဆိုပေမယ့်လည်း ဘွဲ့လက်မှတ် တစ်ခု ဒါမှမဟုတ် Certificate, Diploma တစ်ခုခု ပိုင်ဆိုင်ထားနိုင်ရင်တော့ ပိုကောင်းပါတယ်။ တကယ်လို့များ English ပိုင်းတွေ ပိုပြီး ကျွမ်းကျင်ထားရင်တော့ ကိုယ့်နယ်ပယ်ကို ပိုပြီး ချဲ့ထွင်လို့ ရနိုင်တာပေါ့။ ဒါ့အပြင် Event Planner တစ်ယောက်က လူမျိုးအထွေထွေနဲ့ လိုက်လျောညီထွေအောင် ပေါင်းသင်းဆက်ဆံရတာ ဖြစ်သလို အခြေအနေ အမျိုးမျိုးကို ဖြေရှင်းနိုင်ဖို့ပါ လိုအပ်တဲ့အတွက်ကြောင့် ဒီ့အတွက်က အတွေ့အကြုံ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်ဘက်ကနေ လုံလောက်တဲ့ ပညာအရည်အချင်းတစ်ခု မရှိထားနိုင်ဘူး ဆိုရင်တောင် အလုပ်သင် လုပ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ အချိန်ပိုင်းလုပ်ပြီးတော့ပဲဖြစ်ဖြစ်၊ Volunteer လုပ်ပြီးတော့ပဲဖြစ်ဖြစ် Event Planning နဲ့ သက်ဆိုင်တာတွေကို အတွေ့အကြုံ ယူထားနိုင်မယ်ဆိုရင်တော့ ပြည့်စုံတဲ့ အရည်အချင်းတစ်ခုက ကိုယ့်ဘက်မှာ ရှိနေမှာပါ။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

သင်တန်းအတွက် ကုန်ကျစရိတ်ကတော့ ခန့်မှန်းခြေ ပျမ်းမျှ တစ်သိန်း ကနေ ငါးသိန်း ဝန်းကျင်လောက်အထိ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ လေ့လာမှုအရ တက်ရောက်တဲ့ သင်တန်း များရင်များသလို ကုန်ကျစရိတ်တွေက ကွဲပြားမှု ရှိနေမှာပါ။ တကယ်လို့ နယ်ဘက်ကနေ အဆောင်နေ သင်တန်းတက်တာမျိုး ဆိုရင်တော့ နေစားစရိတ်တွေကိုလည်း မေ့ထားလို့ မရပါဘူး။ ဒါ့အပြင် Online သင်တန်းတွေ၊ YouTube တွေကနေ လေ့လာသင်ယူတာမျိုး ရှိမယ်ဆိုရင် အဲဒီအတွက်လည်း ကုန်ကျစရိတ်တစ်ချို့ ရှိပါလိမ့်မယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

Event Planner ( ပွဲစီစဉ်သူ) တွေရဲ့ ဝင်ငွေကတော့ မိမိရတဲ့ project အပေါ်မှာအများကြီးမူတည်ပါတယ်။ Project ကြီးရင်ကြီးသလို ချပေးထာတဲ့ Budget ရဲ့ ၁၀ ရာခိုင်နှုန်း၊ ၁၂ ရာခိုင်နှုန်းလောက်ထိရတာဖြစ်လို့ Project ကြီးလေ ဝင်ငွေပိုကောင်းလေဖြစ်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

ပွဲစီစဉ်သူတွေအနေနဲ့ ပွဲစီစဉ်မှု Service လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပွဲစီစဉ်မှု Service ကုမ္ပဏီတွေ က နည်းပါးနေသေးတဲ့အခြေအနေဖြစ်တာကြောင့် ကိုယ်ပိုင် Service ထောင်လုပ်ကိုင်ကြတဲ့သူတွေ များပြားပါတယ်။ TV အစီအစဉ်တွေ၊ ရေဒီယိုအသံလွှင့်ရုံတွေမှာ အစီအစဉ်တွေကို စိတ်ဝင်စားမှုရရှိစေအောင် ဆွဲခေါ်တဲ့ Presenter တစ်ယောက်အနေနဲ့ လုပ်ကိုင်တာမျိုးလည်း တွေ့ရပါတယ်။ ပွဲစီစဉ်မှု project အတွက် လိုအပ်တဲ့ဆွေးနွေးမှုတွေကို ကိုယ်ပိုင်ရုံးခန်းတွေမှာပဲ ပြုလုပ်ပြီး project ရတယ်ဆိုရင်တော့ ခရီးတွေသွား၊ ပွဲလုပ်မယ့် ဟိုတယ်တွေ၊ အဆောက်အဦးတွေ မှာနေပြီး ပွဲမပြီးမချင်း ပွဲအတွင်းပါဝင် စီစဉ်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ ပွဲစီစဉ်မှု Project ရဖို့အတွက်တော့ ကိုယ့်ရဲ့ ဖန်တီးနိုင်မှု၊ ကိုယ့်ရဲ့ဆက်ဆံရေးကောင်းမွန်မှု၊ ကိုယ့်ရဲ့နာမည်ကျော်ကြားမှုနဲ့ အများကြီးသက်ဆိုင်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

Event လုပ်ရခြင်းရဲ့ရည်ရွယ်ချက်တွေကတော့ လူတွေစိတ်ပျော်ရွှင်ကျေနပ်စေဖို့အတွက် ၊ စီးပွားရေးအကျိုးအမြတ်တွေ ရရှိဖို့အတွက် ပွဲ လုပ်ရခြင်းဖြစ်ပါတယ်။ ဒီအတွက် လူတွေရဲ့ ငွေကြေးပိုင်ဆိုင်မှုအပေါ်မူတည်တယ်လို့ဆိုရမှာပါ။ လူတွေ စီးပွားရေးကောင်းလို့ ငွေရေးကြေးရေးပိုမိုကောင်းလာလေလေ ဒီလိုပွဲမျိုးတွေကဖြစ်လေလေပါပဲ။ အထူးသဖြင့် ဆယ့်နှစ်ရာသီလုံးပွဲတွေ ရှိတဲ့ ပွဲကြိုက်တဲ့မြန်မာလူမျိုးတွေအတွက်ကတော့ စိတ်ပျော်ရွှင်ကျေနပ်စေမယ့်ပွဲတွေကို တောင့်တနေကြဦးမှာပါ၊ ပျော်ရွှင်စရာတွေကို ရှာဖွေနေကြဦးမှာပါ။ မြန်မာနိုင်ငံအနေနဲ့လည်း စီးပွားရေးဘက်က ပိုမိုကောင်းမွန်လာတဲ့အနေအထားတစ်ခုဖြစ်တဲ့အတွက် Event Planner (ပွဲစီစဉ်သူ) များရဲ့အလုပ်အကိုင်က ကောင်းမွန်နေမှာတော့ သက်သေပြစရာမလိုတဲ့ အမှန်တရားတစ်ခုပါပဲ။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ