ပန်းအလှဆင်ပညာရှင်ဆိုသည်မှာ

ပန်းအလှဆင်ပညာရှင်အလုပ်ဆိုတာ

ပန်းစည်းများဖန်တီးခြင်း၊ ပန်းအိုးထိုးခြင်း၊ အခမ်းအနားပွဲအတွက် ပန်းအလှဆင်ပေးခြင်း ဒီလိုပညာရပ်တွေက လူတွေ မျက်စိ ပသာဒဖြစ်စေပြီး စိတ်ကြည်နူးစေတဲ့ အနုပညာတစ်ခုဖြစ်ပါတယ်။

ပွဲလမ်းသဘင်တွေမှာ ရင်သက်ရှုမောဖွယ် ပန်းအလှဆင်ထားတာတွေ တွေ့ရင် ပန်းအလှဆင်ပညာရှင်တွေရဲ့ လက်ရာတွေကို ချီးကျူးမိမှာ တော့ အမှန်ပါပဲ။ မင်္ဂလာဆောင်၊ မွေးနေ့ပွဲ၊ ချစ်သူများနေ့၊ ဘာသာရေးနေ့ထူးနေ့မြတ်တွေ၊ အသုဘတွေစတဲ့ ပွဲတွေသာမက အခုအချိန်မှာတော့ ကောင်မလေးတွေကို ချစ်ခွင့်တောင်းတာ၊ လက်ထပ်ခွင့်တောင်းတာက အစ Surprise လုပ်ခြင်းတွေ၊ ပန်းစည်းပေးခြင်းတွေအထိ တိုးတက်လာတဲ့ခေတ်နဲ့အတူ ပန်းအလှဆင်ပညာရှင်များရဲ့ဂဏ္ဍ ကကျယ်ပြန့်လာပါပြီ။ စိတ်ကြည်နူးဖွယ် ဒီဇိုင်းတစ်ခုဖြစ်အောင်၊ ပွဲလမ်းသဘင်နဲ့ လိုက်ဖက်မှုရှိတဲ့ ဒီဇိုင်းတစ်ခုဖြစ်အောင် ပန်းအမျိုးမျိုးနဲ့ တခြားသော အပင်ငယ်လေးတွေကို ဆင်ယဉ်တဲ့နေရာမှာတော့ လွယ်ကူလှတဲ့ပညာတစ်ခုမဟုတ်ပါဘူး။ ပန်းကို ချစ်ပြီး လှပတဲ့ ဖန်တီးမှု တစ်ခု ပြုလုပ်လိုတဲ့ဆန္ဒနဲ့အတူ နေရာအလိုက်၊ ပွဲအလိုက် ဒီဇိုင်ပြောင်းလဲမှုက အမြဲတမ်းပြောင်းလဲ သစ်ဆန်းနေတဲ့ ပန်းအလှဆင်ပညာရှင်တစ်ယောက်က စိန်ခေါ်မှုများပြားလှပါတယ်။ ပန်းအိုး၊ ပန်းစည်း၊ ပန်းခွေ များနဲ့ တစ်ခြားသော ပန်းအလှဆင်ပစ္စည်းများထဲမှာ ပန်းတွေကို အလှဆင်ခြင်း၊ ခန်းမအပြည့် ပန်းအလှဆင်ခြင်း၊ Outdoor ပန်းအလှဆင်ခြင်းစသည်ဖြင့် ဒီဇိုင်းအမျိုးမျိုးပုံစံအမျိုးမျိုးကွဲပြားမှုတွေနဲ့အတူ ကြည့်ရှုသူတွေရဲ့စိတ်ထဲကို ခံစားချက်တစ်ခုခုဖြစ်ပေါ်လာစေအောင် ဖန်တီးပေးရပါတယ်။ ဒါ့ကြောင့် ပန်းအလှဆင် ပညာရှင်များက ပညာရှင်ဆန်ဆန်ပန်းတွေကို အလှဆင်ပြီး လူတွေကို စိတ်ချမ်းမြေ့မှု၊ ကြည်နူးမှု၊ လွမ်းဆွတ်မှု စတဲ့ ရသ ခံစားမှုကို ပေးနိုင်တဲ့ ပန်းချစ်သူ အနုပညာရှင်များဖြစ်ကြပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

ပန်းအလှဆင်ပညာရှင်  တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

ပန်းအလှဆင်ပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် ကျောင်းရွေးချယ်မှုပိုင်းမှာတော့ အစိုးရကျောင်းများ မရှိပေမဲ့ အပြင်သင်တန်းအများအပြားရှိလာပြီဖြစ်တဲ့အပြင် သင်တန်းအများစုက ပန်းအလှဆင်လုပ်ငန်းလုပ်နေတဲ့သူများကို်ယ်တိုင် စာတွေ့လက်တွေ့သင်ကြားမှုများနဲ့ သင်ကြားတဲ့အတွက် လမ်းကြောင်းကောင်းတစ်ခုပါပဲ။ ပန်းအလှဆင်မှု ကအမြဲတမ်းသစ်ဆန်းနေတဲ့ဘာသာရပ်တစ်ခုဖြစ်သည့်အလျှောက် သင်ကြားမှုကလည်းရပ်တန့်နေလို့တော့မရပါဘူး။ ဆန်းသစ်လာတဲ့ ဒီဇိုင်းတွေကို ပန်းအလှဆင်ခြင်းနဲ့ပတ်သက်တဲ့ Website တွေ၊ Youtube channel တွေမှာ ဆက်လက်သင်ကြားရမှာဖြစ်သလို ကိုယ်ကိုယ်တိုင်လည်း ကိုယ်ပိုင်ဒီဇိုင်းများဆွဲပြီး အလုပ်ကနေသင်ယူသွားတာမျိုးကိုလည်း လုပ်ရမှာဖြစ်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

ပန်းအလှဆင် ပညာရှင်တစ်ယောက်အနေနဲ့ကတော့ မိမိဝါသနာက အဓိက လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဝါသနာကို အခြေခံရမှာဖြစ်သလို ပန်းတွေကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်ဖြစ်ဖို့ကလည်း အဓိကဖြစ်ပါတယ်။ ပန်းတွေနဲ့ ပတ်သက်ရင် ကျွမ်းကျင်အလှဆင်ပညာရှင်တွေအနေနဲ့ ချစ်မြတ်လွန်းလို့သာ ရေရှည်ရပ်တည်နေကြတာဖြစ်ပါတယ်။ ပန်းအလှဆင်တယ်ဆိုတာက ကိုယ့်ရဲ့ creation ကောင်းလေ ပိုမိုလှပလေ၊ လူတွေ ပိုနှစ်သက်လေဖြစ်တဲ့အတွက် ကိုယ့်ရဲ့ကြံရည်ဖန်ရည် (Creation) ကောင်းခြင်းကလည်း လိုအပ်ချက်တစ်ခုဖြစ်သလို ဝါသနာလည်းပါ၊ ပန်းကို လည်း ချစ်မြတ်နိုးပြီး Creation ကောင်းသူတွေ အတွက်တော့ သင့်တော်လှတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။

ပညာအရည်အချင်း

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

ပန်းအလှဆင်သင်တန်းကျောင်းများအနေနဲ့ သင်တန်းကြေးကောက်ခံမှုမှာတော့ သင်ပေးမယ့် ပန်းအလှဆင်နည်းအမျိုးအစားအလိုက်ကွဲပြားမှုတွေ ရှိပါတယ်။ အခြေခံသင်ကြားမှစလို့ အဆင့်မြင့်သင်ကြားမှုအထိ သင်တန်းကြေးများကတော့ ပျှမ်းမျှ (၁)သိန်းခွဲမှ (၃)သိန်းခွဲအထိ ရှိနိုင်ပါတယ်။ ကိုယ်တိုင် လေ့ကျင့်မှုများ၊ ကိုယ့်တိုင် Online ပေါ်က သင်ယူမှုများအတွက် ပန်းထိုးခြင်းမှာလိုအပ်တဲ့ ပစ္စည်းများကို လည်း ဝယ်ယူစုဆောင်းထားရမှာဖြစ်တဲ့အတွက် သင်တန်းတက်တဲ့ကုန်ကျစရိတ်ထက် အနည်းနဲ့အများ ထပ်ပြီး ကုန်ကျနိုင်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

ပန်းအလှဆင်ပညာရှင်များအနေနဲ့ ကုမ္ပဏီတစ်ခုခုမှာ ဝန်ထမ်းလုပ်ခြင်းထက် ကိုယ်ပိုင်ပန်းအလှပြင်ဆိုင်ဖွင့်ထားတာမျိုးတွေကို များသော အားဖြင့်တွေ့ရပါတယ်။ အလုပ်အကိုင်ကောင်းမွန်ဖို့ဆိုတာကတော့ မိမိရဲ့ ဒီဇိုင်းလှပမှု၊ မိမိရဲ့ အလုပ်အချိတ်အဆက်နဲ့ မိမိရဲ့ နံမည်ကျော်ကြားမှုအပေါ်မူတည်တယ်လို့ပြောလို့ရနိုင်ပါတယ်။ ဒါ့ကြောင့် ပန်းအလှ ဆင်ပညာရှင်လောင်းတွေ အနေနဲ့ အဓိက လိုအပ်ချက်ကတော့ ပညာဝမ်းစာကို အရင်ဦးဆုံးဖြည့်ဖို့လိုအပ်ပါတယ်။ ကိုယ်ပိုင်ပန်းအလှပြင်ဆိုင်မထောင်နိုင်သေးခင် ပန်းအလှဆင်ကျွမ်းကျင်ပညာရှင်များရဲ့နောက်လိုက်အနေနဲ့လုပ်ကိုင်ရင်း အတွေ့အကြုံတွေ၊ ပညာတွေ၊ အလုပ်အချိတ်အဆက်တွေကို ရယူဖို့်လိုအပ်ပါတယ်။ ကိုယ့်ရဲ့ပညာဝမ်းစာလည်း ပြည့်ပြီးဆိုရင်တော့ ကိုယ်ပိုင် ပန်းအလှပြင်ဆိုင်နဲ့ ပန်းအလှဆင်ပေးတဲ့ service ကို လုပ်ကိုင်နိုင်သလို ပန်းအလှပြင် Service လုပ်ငန်းတွေမှာ Senior တစ်ယောက်အဖြစ်နဲ့ရော၊ ဟိုတယ်လုပ်ငန်းတွေမှာ ပန်းအလှဆင်ပညာရှင်တစ်ယောက်အနေနဲ့ရောလုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းပညာတစ်ခုအဖြစ်ရပ်တည်နိုင်မှာဖြစ်ပါတယ်။

ပန်းအလှဆင်ပညာရှင်တစ်ယောက်ရဲ့ ဝင်ငွေက မိမိရဲ့အရည်အချင်းအပေါ်အများကြီးမူတည်ပါတယ်။ Junior level တန်းအနေနဲ့ ပန်းအလှဆင်တဲ့လုပ်ငန်းမှာကူညီလုပ်ကိုင်ရင်တောင် ပျှမ်းမျှ လစာ (၂) သိန်းခွဲလောက်ထိရရှိနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ ပန်းအလှဆင်အနေနဲ့ကတော့ မိမိရဲ့လက်ရာကောင်းရင်ကောင်းသလို ပျှမ်းမျှလစား (၅) သိန်းမှ (၈)သိန်းအထိရရှိနိုင်ပါတယ်။ ကိုယ်ပိုင် ပန်းအလှဆင် Service လုပ်ကိုင်သူများအနေနဲ့တော့ မိမိကို လာအပ်တဲ့ ပွဲကြီးရင်ကြီးသလို မိမိရဲ့ ပန်းအလှပြင်ခြင်းလုပ်ငန်းအောင်မြင်ရင်အောင်မြင်သလို ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အလုပ်ရဲ့ အနာဂတ်

အရင်တုန်းက ပန်းအလှဆင်တယ်ဆိုတာက မတွေ့ရသလောက်ရှားပါးလှပြီး ပွဲလမ်းသဘင်တွေမှာ ပန်းတွေ ကျိုးတိုးကျဲတဲထိုးထားတဲ့ ပန်းအိုးတစ်လုံးနှစ်လုံးက လူတွေကို မဖမ်းစားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ပန်းအလှဆင်ခြင်းက ပွဲလမ်းသဘင်တော်တော်များများ မှာ ခမ်းနားမှုတစ်ခုကို ဖော်ပြနေတဲ့ သဏ္ဍန်တစ်မျိုးဖြစ်ပါတယ်။ ပန်းအလှဆင်ခြင်းကို ကြည့်ပြီး ပွဲရဲ့ခမ်းနားမှုဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာနိုင်သလို ခမ်းခမ်းနားနား ပွဲလုပ်ချင်းသူတိုင်းက ပန်းအလှဆင်ခြင်းမှာ ငွေကြေးအမြောက်အများသုံးစွဲကြပါတယ်။ ပွဲလမ်းသဘင်တွေမှ မဟုတ်ပဲ လူငယ်တွေကြား သူတို့ရဲ့အချစ်တွေဖော်ပြဖို့အတွက် ပန်းစည်းလက်ဆောင်ပေးခြင်းက ချစ်သူရည်းစားတွေကြား ခေတ်စားလာတာဖြစ်လို့ ပန်းစည်းတဲ့လုပ်ငန်းတွေက တွင်ကျယ်လာပါတယ်။ ဒါ့အပြင် ပန်းတွေကို မြင်ရုံနဲ့ လူတွေရဲ့စိတ်ခံစားချက်ကို တို့ထိစေတာဖြစ်လို့ လူတိုင်းက နှစ်သက်နေဦးမှာပါ၊ ခမ်းနားမှုတစ်ခုအဖြစ် တည်ရှိနေဦးမှာပါ။ ဒါ့ကြောင့်အလုပ်အကိုင်ရဲ့အနာဂတ်အနေနဲ့ ဆက်လက်ရှင်သန်ပြီး ပိုမိုကောင်းမွန်ဦးမှာဖြစ်ပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ