ဂရပ်ဖစ်ဒီဇိုင်နာ (Graphic Designer)

ဆန်းသစ်တဲ့ ဒီဇိုင်းဖန်တီးမှုတွေနဲ့ ကဏ္ဍအရပ်ရပ်မှာ အရေးပါသူတစ်ယောက် ဖြစ်ပါတယ်

ကျွန်တော်တို့ ကမ္ဘာကြီးက အမျိုးအစား စုံလင်လှတဲ့ ဖန်တီးမှုတွေ၊ ပေါင်းစပ်မှုတွေ၊ ဒီဇိုင်းတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။ ဒီလိုအရာတွေကြောင့်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်က သာယာ လှပနေနိုင်တာပါ။ တကယ်လို့များသာ ဒီလို လှပဆန်းကြယ်တဲ့ ဒီဇိုင်းတွေ မရှိခဲ့ရင်၊ ကျွန်တော်တို့ မြင်နေကျ ကာလာအစုံနဲ့ ဆန်းသစ်မှုတွေသာ မရှိခဲ့ရင် ဘယ်လိုများ နေလိမ့်မလဲ။ ဒါကြောင့်မို့ အကျဉ်းချုံး ပြောကြည့်ရရင် ဒီဇိုင်းပညာရပ်ဆိုတာ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ မရှိမဖြစ်ကို လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ခုခေတ်မှာ Graphic design က နယ်ပယ် ကဏ္ဍအစုံစုံမှာ အသွင်အမျိုးမျိုးနဲ့ နေရာယူနေပြီပဲ ဖြစ်ပါတယ်။ ဖျော်ဖြေမှုပိုင်းမှာ ဆိုရင်လည်း Performance တွေကို ပိုမို အသက်ဝင် လှပစေဖို့အတွက် Graphic Design ပညာရပ်ကို အသုံးပြုရသလို စီးပွားရေးမှာလည်း လုပ်ငန်းတင်မက ထုတ်ကုန်တွေကို ကြော်ငြာတာတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လျက် ရှိပါတယ်။ ဒီလို အရေးပါ အရာရောက်မှုတွေနဲ့အတူ ဒီပညာရပ်ကို ကျွမ်းကျင်တတ်မြောက်ထားတဲ့ Graphic Designer အနေနဲ့ကတော့ သတင်းစာ၊ မဂ္ဂဇင်း ဒီဇိုင်းတွေကအစ ကြော်ငြာ၊ Billboard၊ Posters၊ စားသောက်ကုန် ထုတ်ပိုးမှု ဒီဇိုင်းတွေအပြင် ပွဲဒီဇိုင်းတွေအထိပါ ပြင်ဆင်ပေးရတာမို့ တစ်နည်းဆိုရရင် ဒီဇိုင်းပညာရပ်နဲ့ ကမ္ဘာကြီးကို ပါရမီဖြည့်နေသူတွေပဲ ဖြစ်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

ဂရပ်ဖစ် ဒီဇိုင်နာတစ်ယောက်ဖြစ်လာစေနိုင်မယ့် လမ်းကြောင်း

စိတ်ကူးလေးတစ်ခု ရှိရုံလောက်နဲ့ Graphic designer တစ်ယောက် ဖြစ်လာဖို့လောက်အထိတော့ ဒီပညာရပ်ဟာ မရိုးရှင်းလှပါဘူး။ တကယ်က စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးနိုင်စွမ်းအပေါ် အဓိက မူတည်နေတာ မှန်ပေမယ့်လည်း Graphic designer တစ်ယောက် ဖြစ်လာဖို့ဆိုရင် လေ့လာသင်ယူမှုတွေ အများကြီးလုပ်ဖို့ လိုအပ်ပါတယ်။ အရင်ဆုံး Drawing skills, Graphic design theory, Typography, Color theory, Grid systems, Art history, Website design စတာတွေ လေ့လာဖို့ လိုပါတယ်။ ဒါတင်မကသေးပါဘူး ခုခေတ်နောက်ပိုင်းမှာဆိုရင် Graphic Design ရေးဆွဲဖို့ နည်းပညာ software တွေ အသုံးပြုရတာ ဖြစ်တဲ့အတွက် Photoshop, Illustrator, Indesign စတဲ့ Software တွေကို အထူးကျွမ်းကျင်ထားဖို့ လိုအပ်ပါတယ်။ အရည်အချင်းနဲ့ ကျွမ်းကျင်မှု ရှိရင်တော့ အောင်မြင်မှုတစ်ခု ရလာနိုင်တယ်ဆိုပေမယ့် Graphic Design ပိုင်းနဲ့ ပက်သက်ပြီး လက်မှတ်တစ်ခုခု ရရှိထားရင် ပိုအဆင်ပြေပါတယ်။ လေ့လာသင်ယူရုံနဲ့ မပြီးသေးပါဘူး Graphic Design ပိုင်းမှာလည်း Web Design, Digital Design, Multimedia Design စတဲ့ ကဏ္ဍခွဲအများကြီး ပါဝင်တဲ့အတွက် ကိုယ်ဘယ်အပိုင်းကို အဓိက ဇောက်ချလိုက်မလဲဆိုတာလည်း ဆုံးဖြတ်ရပါမယ်။ ဒါမျိုးလေးတွေ ပြင်ဆင်ထားပြီးပြီ ဆိုရင်တော့ Graphic Designer တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ပြီ ဖြစ်ပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

အမှန်တကယ် ကျွမ်းကျင်တဲ့ Graphic Designer တစ်ယောက် ဖြစ်လာဖို့အတွက် တက္ကသိုလ်တွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ လေ့လာရင်တော့ အများကြီး အထောက်အကူပြုနိုင်ပေမယ့် မြန်မာနိုင်ငံတက္ကသိုလ်တွေမှာ သင်ယူလို့မရနိုင်သေးတာတော့ တကယ့်ကို ဝမ်းနည်းစရာပါပဲ။ ဒါပေမယ့် ခေတ်စနစ်ကောင်းမွန်လာတာနဲ့အမျှ ကျွမ်းကျင်သူတွေ ဖွင့်လှစ်ထားတဲ့ အပြင်သင်တန်းကျောင်းတွေ၊ နိုင်ငံခြားနဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေမှာ Graphic design ဘာသာရပ်ကို ပြည့်ပြည့်စုံစုံ သင်ယူနိုင်ပါတယ်။ ဥပမာ The World Design Institute, Hexagon Institute of Art & Design တို့လို သင်တန်းကျောင်းတွေမှာ တက်ရောက်လေ့လာနိုင်ပါတယ်။ ကျောင်းရွေးချယ်တဲ့အခါမှာ ဒီတိုင်း ပြီးပြီးရော တက်လိုက်လို့ မရပါဘူး။ Graphic design ဆိုတာ Professional ဘာသာရပ်တစ်ခု ဖြစ်တဲ့အတွက် သင်ယူရာကျောင်းကို ဂရုတစိုက် ရွေးချယ်ဖို့ လိုအပ်ပါတယ်။ အဓိက အနေနဲ့ ကျောင်းရဲ့ Curriculum ကအရေးကြီးပါတယ်။ ကိုယ်က ဘယ်ဘာသာရပ်ကို သင်ယူချင်တာလဲ၊ ကိုယ်သင်ယူချင်တဲ့ ဘာသာရပ်မှာ ဘယ်လိုအကြောင်းအရာမျိုးတွေ ပါဝင်နေတာလဲ၊ ဒီအတန်းကို တက်ပြီးသွားရင် ဘာတွေ တိုးတက်လာနိုင်မလဲ၊ ဒီသင်တန်းမှာ သင်တဲ့အရာတွေက ကိုယ်တကယ်တတ်မြောက်ချင်တဲ့ အရာနဲ့ ထပ်တူညီရဲ့လား ဆိုတာ သေချာ စီစစ်သင့်ပါတယ်။ ပြီးတော့ ကျောင်းဘက်ကနေ သင်တန်းတက်ရောက် အောင်မြင်ပြီးသွားတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်း ရှာပေးသလား၊ ဒီသင်တန်းကနေ အောင်မြင်သွားတဲ့ ကျောင်းသားတွေရော Graphic Designer အနေနဲ့ အမှန်တကယ် ရပ်တည်နေကြရဲ့လား ဆိုတာတွေလည်း စုံစမ်းထားသင့်ပါတယ်။ ဒါ့အပြင် အတန်း တက်ရောက်တဲ့အခါမှာ Graphic design က စဉ်းစားတွေးတောမှုနဲ့ ဖန်တီးနိုင်စွမ်းအပေါ် အခြေတည်တာ ဖြစ်တဲ့အတွက် ထိရောက်တဲ့ သင်ကြားမှု လိုအပ်ပါတယ်။ အဲဒီအတွက် သင်ကြားပေးမယ့် ဆရာရဲ့ အရည်အချင်း၊ အတန်းတက်ရောက်မယ့် ကျောင်းသားဦးရေ စတာတွေကိုလည်း သေချာသိအောင် လုပ်ထားသင့်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

Graphic Designer တွေကို စိတ်ကူးစိတ်သန်းတွေအပေါ် မူတည်ပြီး နည်းပညာနဲ့ ဖန်တီးပြုလုပ်ရတာ ဖြစ်တဲ့အတွက် နည်းပညာ ကျွမ်းကျင်မှုနဲ့ စိတ်ကူးစိတ်သန်း ကောင်းမွန်မှုက Graphic Designer တစ်ယောက်အတွက်တော့ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမယ့် ခေတ်စနစ် ပြောင်းလဲတိုးတက်လာလေလေ လိုအပ်ချက်တွေကလည်း များလာလေလေ ဆိုသလို Graphic Designer တစ်ယောက် ဖြစ်လာဖို့ လိုအပ်တဲ့ စံနှုန်းတွေကလည်း ပိုမိုများပြားလာပါတယ်။ Graphic Designer တွေဆိုတာလည်း တစ်ဖက် အလုပ်ရှင်တွေ၊ အခြားပူးပေါင်းလုပ်ကိုင်သူတွေနဲ့ တွဲဖက်ရတာတွေ ရှိတတ်တာမို့ ဆက်ဆံရေး ကောင်းမွန်ဖို့လိုသလို ကိုယ့်ရဲ့ Project တွေ အချိန်မှန်မှန် အပြီးသတ်နိုင်ဖို့အတွက် Time-management skill လည်း လိုအပ်ပါတယ်။ ဒါ့အပြင် Graphic Designers တွေက တခြားသူတွေနဲ့ မတူဘဲ ကွဲပြားတဲ့ရှုထောင့်တွေကနေ ခံစားတွေးတောကြရတာ ဖြစ်တဲ့အတွက် ရှုထောင့်မျိုးစုံကနေ စီစစ်တွေးတောနိုင်စွမ်းတွေကိုလည်း မေ့ထားလို့ မရပြန်ပါဘူး။ အလုပ်ရှင်တွေအပ်တဲ့ Project တွေကို လုပ်ဆောင်ပေးရတဲ့အခါ အလုပ်ရှင်ဘက်က စိတ်ကျေနပ်မှု မရှိမချင်း၊ စိတ်တိုင်းမကျမချင်း ပြန်လည်ပြင်ဆင်ပေးရတာ ဖြစ်တဲ့အတွက် စိတ်ရှည်သည်းခံမှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဓိက အရေးကြီးဆုံးအရာကတော့ ပင်မအရင်းအမြစ်ဖြစ်တဲ့ ကိုယ့်ရဲ့ စိတ်ကူးတွေကို ဘောာင်ထဲ ကန့်သတ်မထားဘဲ တွေးတောကြံဆနိုင်သလောက်၊ စိတ်ကူးယဉ်နိုင်သလောက်၊ ဖန်တီးနိုင်သလောက် စိတ်ကူးတွေကို နယ်ချဲ့ထားဖို့ပါပဲ။

ပညာအရည်အချင်း

စိတ်ကူးနဲ့ ဖန်တီးနိုင်စွမ်းအပေါ် အခြေတည်ထားတဲ့ Graphic Design လို အလုပ်မျိုးတွေမှာ ပညာအရည်အချင်း မလိုအပ်ဘူးထင်ရပေမယ့် အမှန်တကယ်က ပညာအရည်အချင်းဆိုင်ရာ လိုအပ်မှုတွေ ရှိပါတယ်။ မရှိမဖြစ် လိုအပ်တာမျိုး၊ ဘာတွေ ရထားရမယ် တတ်ထားရမယ် ဆိုပြီး အတိအကျ သတ်မှတ်ထားတာ မရှိပေမယ့် Graphic Designer တစ်ယောက်အဖြစ် ရပ်တည်မယ် ဆိုရင် Graphic Design ဆိုင်ရာ သင်တန်းတစ်ခုခုတော့ သင်ယူတတ်မြောက်ထားသင့်ပါတယ်။ Design နဲ့ သက်ဆိုင်တာတွေ၊ အရောင်ပေါင်းစပ်မှုအကြောင်းတွေ၊ နည်းပညာဆိုင်ရာနဲ့ ပန်းချီရေးဆွဲပုံအကြောင်းတွေကို သင်တန်းတက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ Self-study လုပ်တာပဲ ဖြစ်ဖြစ်၊ စာပေကတစ်ဆင့် လေ့လာတာဖြစ်ဖြစ်၊ Online tutorials လေးတွေ ကြည့်ပြီးတော့ပဲ ဖြစ်ဖြစ် တတ်နိုင်တဲ့ လမ်းကြောင်းကနေ လေ့လာသင်ယူသင့်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

ကျောင်းစရိတ် အနေနဲ့ကတော့ ပုံမှန် Graphic design ကျောင်းတွေဆိုရင် သင်တန်းကြေး အနည်းဆုံး ၁သိန်း ဝန်းကျင်ကနေ အများဆုံး ၇သိန်းလောက်အထိ ရှိနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားနဲ့ ချိတ်ဆက်ထားတဲ့ ကိုယ်ပိုင်ကျောင်းမျိုး ဆိုရင်တော့ ပိုမို ကုန်ကျနိုင်ပါတယ်။ အခြားကုန်ကျစရိတ်အနေနဲ့ များများစားစား မရှိပါဘူး Graphic design ဘာသာရပ် သင်ယူဖို့အတွက် ကိုယ်ပိုင် laptop တစ်လုံးတော့ လိုအပ်တာမို့ laptop ဝယ်ဖို့အတွက်လောက်ပဲ လိုအပ်ပါတယ်။ ကျန်တာတော့ ထူးထူးခြားခြား ကုန်ကျစရာ မရှိပါဘူး။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

ဝင်ငွေအပိုင်းကဏ္ဍမှာတော့ Graphic designer တစ်ယောက်အနေနဲ့ ပြည်တွင်းမှာဆိုရင် ပျမ်းမျှ အနည်းဆုံး ၃သိန်းဝန်းကျင်ကနေ ၁၀သိန်းလောက်အထိ ရရှိနိုင်ပါတယ်။ ဒါပေမယ့် အရည်အချင်း၊ ကျွမ်းကျင်မှုနဲ့ ဖန်တီးနိုင်စွမ်းအားတွေအလိုက် သာလွန်တဲ့ ဝင်ငွေလစာလည်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် Freelance Graphic Designer လုပ်ကိုင်သူတွေ အတွက်ကတော့ သူတို့ရဲ့ တောင်းဆိုမှုအလိုက်၊ လက်ခံရရှိတဲ့ Project အလိုက် ဝင်ငွေရရှိမှုက ကွာခြားသွားမှာဖြစ်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

Graphic Designer တွေရဲ့ အားသာချက်တစ်ခုက ရောက်လေရာအရပ်မှာ အလုပ်ရနိုင်တာပါပဲ။ အမှန်တကယ်သာ အရည်အချင်းရှိမယ်ဆိုရင် Design ဆိုတာက နေရာတကာ လိုအပ်နေတာ ဖြစ်တဲ့အတွက် အလုပ်အကိုင် ရှားပါးမှာကိုတော့ စိတ်ပူစရာ မလိုပါဘူး။ ဒါပေမယ့် အများအားဖြင့် Graphic design ပိုင်းကို ကျွမ်းကျင်တတ်မြောက်ထားသူတွေက Art, Design, Media ပိုင်းမှာ ဝင်ရောက်လုပ်ကိုင်ကြတာ များပါတယ် ဥပမာ ကြော်ငြာအေဂျင်စီ၊ ပုံနှိပ်တိုက်၊ နည်းပညာလုပ်ငန်း၊ ရုပ်သံထုတ်လုပ်မှုလုပ်ငန်း အဲလိုမျိုးတွေပေါ့။ ဒါပေမယ့် တစ်ချို့ အိမ်တွင်း Graphic designer တွေနဲ့ Freelance Graphic designer တွေလည်း ရှိပါသေးတယ်။ ဒါ့အပြင် ကိုယ့်ပညာကို မျှဝေလိုသူတွေအတွက် Graphic design ပိုင်းကို သင်ကြားပေးသူ ဆရာအဖြစ် နည်းပညာသင်တန်းကျောင်းတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

ဟိုးအရင်ခေတ်တုန်းကဆိုရင် Graphic Design ဆိုတာ ဘာမှန်းတောင် မသိခဲ့ကြပါဘူး။ အဲလိုနဲ့ နည်းပညာတွေ တဖြည်းဖြည်း ထွန်းကားဖွံ့ဖြိုးလာရာကနေ နည်းပညာကို နားလည်လာတယ်၊ အသုံးချတတ်လာတယ်၊ Graphic Design ကိုလည်း လူတွေသိလာကြတယ်။ အခုဆိုရင် Graphic Design ဆိုတာ Professional Career တစ်ခုအနေနဲ့တောင် သတ်မှတ်လာကြပါပြီ။ လူငယ်လေးတွေအနေနဲ့လည်း Graphic Design ဘာသာရပ်ကို အသုံးချပြီး သူတို့ရဲ့ စိတ်ကူး၊ ဖန်တီးနိုင်စွမ်းနဲ့ အရည်အချင်းတွေကို ချပြလာကြပါတယ်။ နာမည်ကြီးလာတဲ့အလျောက် ဒီ Career ကိုစိတ်ဝင်စားသူ များလာတယ်၊ သင်ယူသူများလာတယ်၊ လုပ်ကိုင်သူများလာတယ်၊ ဖန်တီးမှုတွေလည်း များလာတယ်ပေါ့။ ဒါပေမယ့် ပြိုင်ဆိုင်မှုတွေကလည်း အဲဒီအရာတွေနဲ့အတူ ကပ်ပါလာတာပါပဲ။ ဒါ့အပြင် နည်းပညာ တိုးတက်မှုက ရပ်သွားတယ်လို့ မရှိဘူး အချိန်တိုင်း တိုးတက်ပြောင်းလဲနေတယ်၊ အသစ်တွေ ထွက်ပေါ်နေတယ်။ တကယ်လို့ Graphic Designer တွှေအနေနဲ့ အခုကိုယ်ရပ်နေတဲ့ နေရာမှာ စိတ်ကျေနပ်ပြီး သာယာနေမယ်ဆိုရင် အချိန်တစ်ခုလောက် ကြာသွားတဲ့အခါ အခြေအနေတွေ ပြောင်းပြန်ဖြစ်ကုန်မှာ စိတ်ပူစရာပါပဲ။ ဒါကြောင့် အချိန်နဲ့ တပြေးညီပြောင်းလဲနေတဲ့ ဒီလိုခေတ်ကြီးထဲမှာ Graphic Designer တွေအနေနဲ့ Graphic Design ဆိုင်ရာ အရည်အချင်းတွေအပြင် နည်းပညာ လေ့လာမှုနဲ့ အခြားအရည်အချင်း၊ ဗဟုသုတတွေကိုပါ လေ့လာသင်ယူသင့်ပါတယ်။ ဒီလိုမှပဲ နောက်ကျမကျန်ခဲ့ဘဲ အမြဲတမ်း ဆန်းသစ်တဲ့ အတွေးစိတ်ကူးတွေနဲ့ ရှင်သန်နိုင်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်ခေတ်ပဲရောက်ရောက် ကမ္ဘာကြီးရဲ့ လှပမှုအတွက် Graphic Design ရဲ့ အရေးပါမှုကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

Graphic designer တွေအတွက်ကတော့ Design ဖန်တီးမှုတွေအပေါ် ရူးသွပ်မှုက သူတို့အတွက် အကြီးမားဆုံး တွန်းအားပါပဲ။ ကိုယ့်စိတ်ကူးထဲမှာ ရှိတဲ့ဒီဇိုင်းတွေကို ကြိုက်သလို ဖန်တီးနိုင်ခွင့်ရှိတယ်၊ ကိုယ်ကြိုက်တဲ့ကမ္ဘာကို ဖန်တီးနိုင်တယ်၊ ကိုယ်ကြိုက်တဲ့ပုံစံ ခြယ်သရေးဆွဲနိုင်တယ်၊ ကိုယ်ကြိုက်သလို ကိုယ့်ကမ္ဘာကို ပြောင်းလဲနိုင်တယ်။ သူတို့အတွေးတွေ၊ စိတ်ကူးတွေ၊ ဖန်တီးမှုတွေက အကန့်အသတ်မရှိဘူး၊ အတားအဆီးမရှိဘူး၊ များသောအားဖြင့် Graphic designer တွေဟာ လွတ်လပ်မှုကို မြတ်နိုးသူတွေဖြစ်လို့ ကိုယ်ကြိုက်သလောက် စိတ်ကူးနယ်ချဲ့ခွင့်ရတာ၊ ဖန်တီးခွင့်ရတာ၊ ရူးသွပ်နိုင်တာဟာ ပြီးပြည့်စုံတဲ့ တွန်းအားပါပဲ။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ