HR Manager ဆိုသည်မှာ

HR အလုပ်ဆိုတာ

ကိုယ့်အနေနဲ့ ကုမ္ပဏီတစ်ခုခုမှာအလုပ်ဝင်ရင် ကုမ္ပဏီရဲ့ ဘယ်ဌာနက ဘယ်လိုအလုပ်လုပ်လဲ စသည်ဖြင့် စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ငန်းလည်ပတ်မှုကို နားလည်ထားရင်တော့ နောက်ပိုင်းကိုယ်ပိုင်လုပ်ငန်းတွေလုပ်ကိုင်လာနိုင်တဲ့အခါ ပြန်ပြီးအသုံးချလို့ရတာပေါ့။ ဒါမှမဟုတ် Human Resource manager တစ်ယောက်အနေနဲ့ အသက်မွေးလုပ်ကိုင်မယ်ဆိုရင်လည်း သွားရမယ့်လမ်းကြောင်းလေးတွေသိဖို့လိုတာပေါ့..

ကုမ္ပဏီတွေမှာ Human Resource Management ဘာကြောင့်ရှိရသလဲ ဆိုတဲ့အကြောင်းရင်းကဘာလဲ? အဖြေကတော့ ဒီလိုပါ…ကုမ္ပဏီတစ်ခုရဲ့ အရည်အသွေးကောင်းမွန်ဖို့ဆိုတာက ကုမ္ပဏီတွေထဲမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်မြင့်မားမှုနဲ့ တိုက်ရိုက် သက်ဆိုင်နေတော့ လူသားတွေနဲ့ လည်ပတ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတိုင်း ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးမယ့်၊ ဝန်ထမ်းများကို စနစ်တကျ စီမံခန့်ခွဲပေးနိုင်မယ့် Human Resource Management ဆိုတာ လိုအပ်လာပါတယ်။ ဒါကြောင့်မို့လည်း လုပ်ငန်းရှင်တွေက မိမိတို့ရဲ့ လုပ်ငန်းစဉ်ချမှတ်ချက်တွေနဲ့ လုပ်ငန်းမျှော်မှန်းချက်တွေ ပြည့်စုံနိုင်ဖို့ Human Resource Manager တွေကို ခန့်ထားကြပြီး ဝန်ထမ်းများကို စီမံခန့်ခွဲစေပါတယ်။ Human Resource Manager တွေဆိုတာ ဝန်ထားများရဲ့ လစာပေးခြင်း၊ ဘောနပ်စ်ပေးခြင်း တွေကအစ ဝန်ထမ်းများရဲ့ လုပ်ငန်းတွင်း လိုအပ်ချက်များအပြင် ဝန်ထမ်းများရဲ့ ကျန်းမာမှု၊ လုပ်ငန်းတွင်းပျော်ရွင်တက်ကြွမှု၊ လုံခြုံမှုအတွက် တာဝန်ရှိသူတွေဖြစ်ပါတယ်။သို့ပေမဲ့ ဝန်ထမ်းတစ်ချို့ရဲ့ တစ်ဦးချင်းခံစားချက်အရ လူဆိုးကြီးများလို့ အထင်ခံ အပြောခံရတာမျိုးလည်း အများကြီးရှိတာဖြစ်လို့ လူရောင်စုံကိုအကောင်းမွန်ဆုံးစီမံခန့်ခွဲရတဲ့ HR Manager အလုပ်က လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။

ကျောင်းရှာရန်

လမ်းကြောင်း

HR  တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

HR နဲ့ ပတ်သက်တဲ့ အစိုးရတက္ကသိုလ်အနေနနဲ့ စီးပွားရေးတက္ကသိုလ် (ရန်ကုန်၊ မုံရွာ၊ မိတ္ထီလာ) တွေမှာ တက်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ လေးနှစ်ခန့်တက်ရောက်ရမှာဖြစ်ပြီး မိမိတို့တက်ရောက်တဲ့မေဂျာအလိုက် Bachelor ဘွဲ့ဒီဂရီရရှိနိုင်မှာဖြစ်ပါတယ်။ အစိုးရကျောင်းများမှာတော့ HR ဆိုပြီးသီးသီးသန့်သန့်မသင်ကြားပေမဲ့ မေဂျာတိုင်းမှာ Minor ဘာသာရပ်အဖြစ်သင်ကြားနိုင်မှာဖြစ်ပါတယ်။ အပြင်သင်တန်းကျောင်းတွေမှာပဲ HR Management ပိုင်းကိုပဲ အထူးပြု သင်ကြားချင်ရင်တော့ ရန်ကုန်လို မြို့ကြီးမှာ Certificate သင်တန်းတွေက များစွာရှိပါတယ်။ အပြင်သင်တန်းတွေမှာ တော့ နိုင်ငံခြားစာမေးပွဲတွေဖြေဆိုပြီး HR Management နဲ့ပတ်သက်တဲ့ နိုင်ငံခြား Diploma ကို ရရှိနိုင်တာဖြစ်လို့ လမ်းကြောင်းကောင်းတဲ့ ပညာရေးတစ်ခုလို့ဆိုရမှာပါ။ အပြင်သင်တန်းကျောင်းတွေအနေနဲ့ကတော့ နောက်ဆုံးမှာ ဖော်ပြပေးတဲ့ ဇယားလေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗျ…

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

လူမှုပေါင်းသင်းဆက်ဆံရေးမှာ လည်း ကောင်းမွန်ပြီး လူအများကို သင့်မြတ်မှုရှိရှိစီမံနိုင်တဲ့သူ၊ လူအများရဲ့ ယုံကြည်မှု ရရှိနိုင်သူတစ်ယောက် ဆိုရင်တော့ HR Management အလုပ်နဲ့သင့်တော်လှပါတယ်။ ကုမ္ပဏီရဲ့ အကျိုးအမြတ်နဲ့ ဝန်ထမ်းများရဲ့အကျိုးအမြတ်ကို ကြည့်ပြီး ငွေကြေးများကို စီမံနိုင်တဲ့ Budgeting Skill ကလည်းမရှိမဖြစ်လိုအပ်ပါတယ်။

လုပ်ငန်းခွင်အတွင်းလိုအပ်တဲ့ ပညာရပ်များကို လေ့ကျင့်သင်ကြားပေးနိုင်တဲ့အရည်အချင်းနဲ့အတူ ဝန်ထမ်းတွေရဲ့ Value ကို မြင့်တင်ပေးမယ့်အရာတွေကို သင်ပြပေးနိုင်မယ့် Training and Developmental Skills ရှိဖို့လည်းလိုအပ်ပါတယ်။ ဒီလို Hard Skills ရော Soft Skills ပါ ပြည့်စုံတဲ့သူများကတော့ HR Management အလုပ်အကိုင်နဲ့ သင့်တော်လှပါတယ်။

ပညာအရည်အချင်း

ကုမ္ပဏီမှာ Junior Level အနေနဲ့ ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင်တော့ တက္ကသိုလ်ဘွဲ့ရတစ်ယောက်အနေနဲ့ HR Management certificate ရှိရင်တော့ လုံလောက်ပါတယ်။ Senior အနေနဲ့ လုပ်ကိုင်မယ်ဆိုရင်တော့ မိမိရဲ့ လုပ်ငန်းအတွေ့အကြုံ နဲ့ ကိုယ့်ရဲ့ Achievement တွေက အရေးပါတဲ့အရာတွေဖြစ်ပါတယ်။ ကုမ္ပဏီတွေရဲ့ လိုအပ်ချက်အလိုက် ပညာအရည်အချင်းမြင့်တဲ့ လူတွေကို ရွေးချယ်ခန့်ထားတာဖြစ်လို့ HR Specialist အဖြစ်လုပ်ကိုင်လိုသူများအနေနဲ့ နိုင်ငံခြား Diploma ရတဲ့အထိ ပညာအရည်အချင်းရှိရင်တော့ အလုပ်အကိုင်အခွင့်အလမ်းပိုကောင်းနိုင်မှာဖြစ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

အစိုးရ ကျောင်းအနေနဲ့ ကျောင်းလစာကတော့ တစ်ခြားသော အစိုးရတက္ကသိုလ်များကဲ့သို့ ပညာသင်စရိတ်တွေထက် အဆောင်နေရေး စားရေးသောက်ရေးက ပိုများပါလိမ့်မယ်။ ပျှမ်းမျှအနေနဲ့ အစိုးရတက္ကသိုလ်များရဲ့ကျောင်းလခက တစ်နှစ်ကို ၂ သိန်းမှ ၃ သိန်းအထိသာရှိပါတယ်။ အပြင်သင်တန်းကျောင်းတွေရဲ့ သင်တန်းကြေးကတော့ သင်တန်းကျောင်းများအလိုက် ကွာခြားချက်ရှိသလို ပြည်တွင်း Certificate ပဲ ယူမလား နိုင်ငံခြား Diploma အတွက်ပါဖြေမလား စတဲ့ကိုယ်လိုချင်တဲ့ အတိုင်းအတာအလိုက် ဈေးနှုန်းကွာခြားမှုတွေရှိပါတယ်။ ပျှမ်းမျှအနေနဲ့ကတော့ အနည်းဆုံး (၄)သိန်းခွဲ မှ အများဆုံး သိန်းရာကျော်အထိကျသင့်မှာဖြစ်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

ကုမ္ပဏီ တောတော်များများမှာတော့ HR Management နဲ့ပတ်သက်တဲ့အလုပ်အကိုင်တွေက HR Department လက်အောက်ထဲမှာ HR Manager, HR Executive, HR Admin စသည်စသည်ဖြင့် လုပ်ဆောင်ရမယ့် Position ကွဲပြားနေတာဖြစ်တာဖြစ်ပါတယ်။ ဒါကြောင့် ဝင်ငွေနဲ့ လစာအနေနဲ့ ကုမ္ပဏီ အကြီးအသေးအလိုက် လုပ်ဆောင်ရတဲ့ ရာထူးအလိုက် ကွဲပြားမှုရှိနိုင်ပါတယ်။ သို့ပေမဲ့ ပြည်တွင်းကုမ္ပဏီတွေမှာတောင် ပျှမ်းမျှအနေနဲ့ကတော့ လစာ ၅ သိန်းမှ ဆယ်သိန်းအထက်မှာရှိနေတော့ ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံ၊ လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်ပြီး ဝင်ငွေကောင်းတဲ့ Career တစ်ခုဖြစ်ပါတယ်။ မင်မင်တောင် လုပ်ချင်လာပြီး..

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

ဘယ်လုပ်ငန်းလည်ပတ်မှုမဆို လူသားတွေနဲ့ပဲ လည်ပတ်နေရတာဖြစ်လို့ HR Management က ကုမ္ပဏီတိုင်း၊ လုပ်ငန်းတိုင်းက လိုအပ်တာကြောင့် လုပ်ငန်းကြီးငယ်မရွေး အဖွဲ့ အစည်းနဲ့ Team နဲ့အလုပ်လုပ်တဲ့စီးပွားရေးလုပ်ငန်းတိုင်းမှာ အလုပ်ရနိုင်ပါတယ်။ ကုမ္ပဏီကြီးရင် ကြီးသလို HR Management ပိုင်းကို ပိုမိုလိုအပ်တာကြောင့် အလုပ်အကိုင်လမ်းကြောင်းသင့်တဲ့ သက်မွေးဝမ်းကြောင်းပညာ Career တစ်ခုဖြစ်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

စီးပွားရေးလုပ်ငန်းလည်ပတ်မှုမှာ လူ့စွမ်းအားအရင်းအမြစ်က မရှိမဖြစ်လိုအပ်ဦးမယ့်အရာဖြစ်ပါတယ်။ ဆိုလိုတာက စက်ရုံတစ်ရုံ လည်ပတ်ဖို့ နည်းပညာ Hard Skills အတွက် စက်ရုပ်တွေ၊ နည်းပညာ software တွေကို အစားထိုးလာနိုင်ပေမဲ့ စက်ရုပ်တွေမလုပ်နိုင်တဲ့ Communication skills, Management Skills, Strategy Planning Skills စသည် စသည် Soft Skills လိုအပ်ချက်ဆိုတာ မရှိမဖြစ်လိုအပ်တာကြောင့် လူတွေနဲ့ လည်ပတ်လုပ်ဆောင်ရဦိးမှာဖြစ်ပါတယ်။ လူတွေနဲ့ လည်ပတ်နေတဲ့ စီးပွားရေးတိုင်းက HR Management ဆိုတာကို မရှိမဖြစ်လိုအပ်တာကြောင့် အမြဲတမ်း ရှင်သန်နေဦးမယ့်အလုပ်အကိုင်ဆိုလည်းမမှားပါဘူး..

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ