သတင်းထောက် တစ်ယောက်ဆိုတာ

သတင်းထောက် တစ်ယောက်ဆိုတာ

သတင်းထောက် (Journalist) တစ်ယောက်ဆိုတာက သတင်းများ ကို ရှာဖွေစုဆောင်းပြီး လူတွေဆီကို မီဒီယာလုပ်ငန်းတွေကနေတစ်ဆင့် ဖြန့်ဝေပေးတဲ့သူတွေပဲဖြစ်ပါတယ်။

သတင်းထောက်တွေသာမရှိရင် ကျွန်တော်တို့ကမ္ဘာကြီးမှာ ဘာဆိုဘာသတင်းထူးမှ မသိနိုင်တော့ပဲ အတော်ခြောက်ကပ်ပြီး ပျင်းစရာကောင်းနေမှာ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ကပဲ သတင်းထူး၊ သတင်းဦး မှန်သမျှကို သက်စွန့်ဆံဖျား ယူဆောင်ပေးကြလို့ပါ။ ပြည်တွင်း၊ ပြည်ပမှာ ဖြစ်ပျက်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေများကို မှန်မှန်ကန်ကန်သိရှိနိုင်ဖို့ သတင်းထောက်တွေရဲ့ ဂဏ္ဍတွေက ပိုမိုအရေးပါလာခဲ့ပြီး သတင်းထောက်တွေရဲ့ကျေးဇူးကြောင့် ကမ္ဘာမှာ ဖြစ်နေတဲ့ သတင်းထူး၊ သတင်းဦးတို့ကို အချိန်နဲ့တစ်ပြေးညီ သိရှိခွင့်ရတာပေါ့။ ဘိုးဘိုး၊ ဖွားဖွား တို့ခေတ်တုန်းကဆိုရင် သတင်းစာဆိုတာသူတို့အတွက် ပညာရစရာလည်းဟုတ်၊ အပန်းဖြေအနားယူစရာလည်း ဟုတ်ပါတယ်။ သတင်းစာ၊ ဂျာနယ် စတဲ့ ပုံနှိပ်မီဒီယာခေတ်ကနေ ယခုခေတ်အခါမှာတော့ TV, Radio, Internet စတဲ့ ရုပ်သံ မီဒီယာတွေကနေ ပြည်တွင်းပြည်ပ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီသိခွင့်ရပါပြီ။ သတင်းရဖို့ သတင်းထောက်တွေလိုအပ်သလို သတင်းထောက်မရှိရင် သတင်းမရနိုင်လို့ ဘယ်လောက်ခေတ်တွေတိုးတက်ပါစေ သတင်းထောက်တွေဆိုတာ ပြည်သူတွေအတွက်သတင်းအချက်အလက်နဲ့ ပြည်တွင်းပြည်ပ အဖြစ်အပျက် တွေကို မှန်မှန်ကန်ကန်သိနိုင်ဖို့ အရေးအပါဆုံးလူတွေဖြစ်ပါတယ်။သတင်းထောက်ဆိုတာ တော်ရုံဝါဿနာပါရုံ အပင်ပန်းခံနိုင်ရုံနဲ့ မဖြစ်ပါဘူးနော်။ အနောက်နိုင်ငံမှာဆို စစ်ဖြစ်တဲ့ ဒေသတွေမှာ သတင်းသွားယူရင်း အသက်ပေးခဲ့ရတဲ့ သတင်းထောက်တွေဆိုတာ အများကြီးပါ။ ပြောရရင် ကျွန်တော်တို့အတွက် သတင်းအချက်အလက်တွေနဲ့ ဗဟုသုတတွေရရှိစေမယ့် အကြောင်းအရာတွေကို သတင်းရမယ့်အရပ်တွေဆီသွားပြီး တစ်ခါတစ်ရံမှာ အသက်နဲ့ရင်းပြီး ကြိုးစားပေးနေရတဲ့ သူရဲကောင်းတွေလို့တင်စားရင် မလွန်ပါဘူးနော်။

ကျောင်းရှာရန်

လမ်းကြောင်း

သတင်းထောက်  တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ယနေ့ခေတ်မှာ သတင်းထောက်တစ်ယောက်ဖြစ်ဖို့ဆိုတာ အရမ်းမခက်ခဲတော့ပါဘူး။ တစ်ချို့သောအစိုးရတက္ကသိုလ်တွေမှာ major တစ်ခုအနေနဲ့သင်ယူနိုင်သလို အစိုးရအသိအမှတ်ပြု ပုဂ္ဂလိကသင်တန်းတွေလည်း အတော်များများရှိနေပါပြီ။ သတင်းဆိုတာက စီးပွားရေး၊ ဖျော်ဖြေရေး၊ နိုင်ငံရေး စသဖြင့်ဂဏ္ဍအသီးသီးရှိသလို ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာ မီဒီယာလုပ်ငန်းနှစ်မျိုးရှိတဲ့အတွက် ကိုယ်ဝါသနာပါရာ ဂဏ္ဍအလိုက် ကျွမ်းကျင်းမှုရှိအောင် ကျောင်းတွင်းသင်ကြားမှုများ၊ ကိုယ်တိုင်လေ့လာမှုများအပြင် သက်ဆိုင်ရာ မီဒီယာလုပ်ငန်းတွေမှာ အလုပ်သင်အနေနဲ့ လုပ်ကိုင်ခြင်းဖြင့်လည်း ကျွမ်းကျင်အောင်လုပ်ဖို့လိုအပ်ပါတယ်။ သတင်းထောက်တစ်ယောက်မှာလိုအပ်တဲ့အရည်အချင်းတွေအတွက် ကျောင်းတွေ လုပ်ငန်းခွင်တွေကနေတစ်ဆင့်လေ့ကျင့်ယူပြီးတယ်ဆိုရင်တော့ Professional သတင်းထောက်တစ်ယောက်အဖြစ် အသက်မွေးနိုင်မှာဖြစ်ပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

သတင်းထောက် ပညာရပ်ကိုနှစ်သက်ပြီးတော့ အသက်မွေးဝမ်းကျောင်း အဖြစ်လုပ်ကိုင်ဖို့ထိ ရည်မှန်းထားသူတွေအနေနဲ့ ကျောင်းရွေးချယ်မယ်ဆိုရင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်မှာ ရှိတဲ့ NMDC (National Management Degree College) – အမျိုးသားစီမံ ခန့်ခွဲမှု ဒီဂရီကောလိပ် မှာ Journalism ဘာသာရပ်ကို ၄နှစ်တာ သင်ယူနိုင်မှာဖြစ်ပြီး အတန်းပြီးဆုံးချိန်မှာတော့ Journalism အထူးပြုနဲ့ ဘွဲ့ရရှိမှာဖြစ်ပါတယ်။ တစ်ကယ်လို့ ကိုယ်က Journalism နဲ့ ဘွဲ့ရထားတာ မဟုတ်ပေမဲ့လည်း Yangon Journalism School၊ Myanmar Journalism Institute၊ CMMD Journalism School စတဲ့သင်တန်းတွေ မှာ အခြေခံသတင်းစာပညာသင်တန်း၊ Online/Digital Journalism (Multi Media) သင်တန်း တို့ကို တက်ရောက်ပြီးသတင်းထောက်တစ်ယောက်ဖြစ်နိုင်ပါသေးတယ်။ သင်တန်းတွေကတော့ Course အလိုက် ကြာမြင့်ချိန်တွေမတူတဲ့အတွက့် (၅)ရက်တက်ရတဲ့သင်တန်းတွေရှိသလိုမှ (၂) လ၊ (၃) လအထိ တက်ရောက်ဖို့လိုအပ်ပြီး သင်တန်းပြီးမြောက်သွားရင်တော့ Courseအလိုက် သက်ဆိုင်ရာ Certificate ရရှိမှာဖြစ်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

သတင်းထောက် အလုပ်ဆိုတာ စာရေးစာဖတ်တာကို စွဲစွဲမြဲမြဲ နှစ်သက်ပြီးတော့ ဒီနေ့ နဲ့ မနက်ဖြန် ပြည်တွင်းပြည်ပမှာ ဖြစ်ပျက် ပြောင်းလဲနေတာကို မျက်ခြေမပြတ်စောင့်ကြည့်တတ်တဲ့ သူမျိုးအတွက်တော့ အသင့်တော်ဆုံးပါပဲ။ သတင်းထောက်တွေရဲ့ တာဝန်က ပြည်သူတွေကို သတင်းအချက်အလက်တွေ ဖြန့်ဖြူးပေးရတာဖြစ်တဲ့အတွက် ကိုယ်တိုင်ကမှ သတင်းတွေကို မကြိုက်တတ်သူဆိုရင်တော့ တခြားသူတွေကို သတင်း ပြန်ဖြန့်ပေးဖို့ဆိုတာ ခက်ခဲနေမှာပါ။ နောက်ပြီး ကိုယ်ကသတင်းတွေကို ရေးသားတင်ပြ ရမှာဖြစ်တဲ့အတွက် စာအရေးအသား ကောင်းဖို့ကလည်း လိုပါသေးတယ်။ ကိုယ်ရေးတဲ့သတင်းက ကိုယ့်သတင်းဌာနရဲ့ ပုံရိပ်ဖြစ်တဲ့အတွက်လည်း စာဖတ်ပရိသတ်အားလုံး နားလည်နိုင်အောင် ရှင်းရှင်းလင်းလင်း ပြေပြေပြစ်ပြစ်နဲ့ သဒ္ဒါမှန်မှန် ရေးနိုင်ဖို့လည်း အရေးကြီးပါတယ်။ စာအရေးမတတ်လို့ စကားလုံးအထားအသိုတွေ ပေါ့ဆမိရင် လိုရင်းအဓိပ္ပာယ်မရောက်ဘဲ ကမောက်ကမနဲ့ ဟာသတွေလည်း ဖြစ်သွားတတ်ပါတယ်။ သတင်းထောက်ဆိုတာလည်း ဂျာနယ် စာစောင်တွေမှာပဲ စာရေးတာ မဟုတ်ပါဖူး။ ရုပ်သံတင်ဆက်ပြီးတော့ ကင်မရာရှေ့မှာ သတင်းတင်ဆက်ရတာတွေ သတင်းဖြစ်ပျက်တဲ့နေရာတွေမှာ ကိုယ်တိုင်သွားရောက်ပြီး အင်တာဗျူးလုပ်ရတာမျိုး သတင်းဓာတ်ပုံအတွက် သတင်းနေရာအတိအကျ သွားပြီး ဓာတ်ပုံရိုက်ကူးရတဲ့ ဓာတ်ပုံသတင်းထောက် စသဖြင့် အမျိုးအစားကွဲပါသေးတယ်။ ဆိုတော့ သတင်းဖြစ်ပျက်တဲ့ နေရာအထိသွားပြီးတော့ အချက်အလက်တွေကို အရယူချင်တယ် ဒါမှမဟုတ် ဝေးလံတဲ့နေရာတွေထိ သွားပြီး သတင်းပုံရိပ် တွေသွားယူရင်း စွန့်စားခန်းဖွင့်ချင်တဲ့ ဓာတ်ပုံ ဝါသနာရှင်တွေ ကိုလည်း သတင်းထောက် လုပ်ငန်းက စိတ်လှုပ်ရှားစေမှာပါ။ ဒါ့အပြင် လူတွေဆီ အမှန်တရားတစ်ခုရောက်ရှိဖို့ဆိုတာက အရေးအကြီးဆုံးအရာတစ်ခုဖြစ်တဲ့အတွက် သတင်းထောက်တွေအနေနဲ့ အမှန်တရားကို ချစ်မြတ်နိုးသူ၊ ဘက်လိုက်မှုကင်းသူတစ်ယောက်ဖြစ်ဖို့လည်း အထူးလိုအပ်ပါတယ်။

ပညာအရည်အချင်း

သတင်းထောက်နဲ့သက်ဆိုင်တဲ့ Diploma , သင်တန်းဆင်းလက်မှတ်တွေက ပဲ သတင်းထောက်တစ်ယောက်လုပ်နိုင်ဖို့ အကူအညီဖြစ်ပါတယ်။ သတင်းထောက်တစ်ယောက်အနေနဲ့ နိုင်ငံတစ်ကာမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ရှာဖွေနိုင်ဖို့ကလည်း အနည်းဆုံးတော့ English စာ၊ English စကားကို တတ်မြောက်ထားဖို့လည်းလိုအပ်ပါတယ်။ ပုံနှိပ်မီဒီယာ လုပ်ငန်းအတွက် စာအရေးအသားပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ရုပ်သံထုတ်လွှင့်မှုအတွက် သက်ဆိုင်ရာ တင်ပြမှုစွမ်းရည် တွေရှိဖို့လည်း အထူးလိုအပ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

မြန်မာနိုင်ငံ အစိုးရ တက္ကသိုလ်တွေမှာ တက်ရောက်သင်ယူမယ် ဆိုရင်တော့ နေစားစရိတ်တို့အပြင် ပညာသင်စရိတ်က ကြီးကြီးမားမား ကုန်ကျစရာ မရှိပါဘူး။ အချိန်တိုအတွင်း သင်ယူ တတ်မြောက်နိုင်တဲ့ အပြင်သင်တန်းတွေမှာ ဆိုရင် ကိုယ်ရွေးချယ်တဲ့ ကျောင်းအလိုက် သင်တန်းကုန်ကျစရိတ် ကွာခြားမှု ရှိပါလိမ့်မယ်။ ပုံမှန်အနေနဲ့ Journalism Class တွေက ပျမ်းမျှ အနည်းဆုံး တစ်သိန်း ဝန်းကျင်ကနေ ငါးသိန်းလောက်အထိ ကုန်ကျနိုင်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

အလုပ်အကိုင်နဲ့ဝင်ငွေပိုင်းမှာတော့ သတင်းထောက်တစ်ယောက်လုပ်ကိုင်တဲ့ ဌာနအလိုက် ကွာခြားလျက်ရှိပါတယ်။ အစိုးရ သတင်းစာလုပ်ငန်းနဲ့ အစိုးရပိုင် ရုပ်မြင်သံကြားဌာနနဲ့ အသံလွှင့်ဌာနများမှာတော့ ယေဘုယျအားဖြင့် (၃) သိန်းမှ (၅) သိန်းအထိရှိနိုင်ပါတယ်။ ပုဂ္ဂလိက သတင်းစာလုပ်ငန်း၊ ဂျာနယ်လုပ်ငန်း၊ Media လုပ်ငန်းများမှာတော့ လုပ်ကိုင်တဲ့ကုမ္ပဏီအလိုက်လစာကွာခြားမှုရှိနိုင်သလို လုပ်ငန်းကျွမ်းကျင်မှုအလိုက်ပျှမ်းမှလစာ (၅)သိန်းမှ (၁၀) သိန်းအထိရှိနိုင်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အလုပ်ရဲ့ အနာဂတ်

သတင်းမရှိတဲ့ နေရာတစ်ခုက ခေတ်နောက်ကျ တဲ့နေရာတစ်ခု၊ တိုးတက်မှုမရှိတဲ့နေရာတစ်ခု လို့သတ်မှတ်နိုင်သလို တိုးတက်ဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ သတင်းထောက်လုပ်ငန်းက အရေးပါတဲ့အရာတစ်ခုပါ။ ယနေ့ခေတ်မှာ Media လုပ်ငန်းများလည်း ပွင့်လင်းမြင်သာမှုရှိလာသလို တစ်နိုင်ငံလုံးရဲ့ ဖြစ်ပျက်နေမှုကို အမှန်အတိုင်းသိနိုင်တာက Media လုပ်ငန်းတွေရဲ့တွန်းအားတွေကြောင့်ဖြစ်ပါတယ်။ဒါ့ကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ ဆုတ်ယုတ်နေတဲ့အရာ၊ တိုးတက်နေတဲ့အရာတွေကို ဖြစ်ပျက်နေတဲ့ တရားမှု၊ မတရားမှုကို အမှန်အတိုင်းသိမြင်နိုင်ဖို့က သတင်းထောက်ဆိုသူများရဲ့ တာဝန်တစ်ရပ်ဖြစ်တဲ့အတွက် သတင်းထောက်အလုပ်အကိုင်ရဲ့ အနာဂတ် ကလည်း ကောင်းမွန်နေမယ်ဆိုတာ သက်သေပြစရာမလိုအောင် မှန်ကန်တဲ့တဲ့အရာတစ်ခုဖြစ်ပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ