မျက်လှည့်ဆရာ ( Magician )

မျက်လှည့်ဆရာတွေဆိုတာကလူတွေရဲ့ အမြင်အာရုံကို လှည့်ကွက်မျိုးစုံနဲ့ လှည့်စားပြီး ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ဖျော်ဖြေတင်ဆက်ပေးနေသူတွေဖြစ်ပါတယ်။

မျက်လှည့်ဆိုတာ အနုပညာတစ်ရပ်ပါပဲ။ မျက်လှည့်ပညာရှင်တွေဟာ စင်တင်မျက်လှည့်၊ အနီးကပ်မျက်လှည့်၊ ဟာသမျက်လှည့်၊ ဆက်ကပ်မျက်လှည့် စတဲ့မျက်လှည့်ပညာ အမျိုးမျိုးကို မယုံနိုင်စရာ ပြကွက်တွေ၊ အမြင်အာရုံဖမ်းစားမှုအဖုံဖုံနဲ့ တင်ဆက်ပြသကြတာ ဖြစ်ပါတယ်။မျက်လှည့်ပညာဆိုတာက တစ်ချို့လူတွေ တွေးထင်တတ်ကြသလို လမ်းဘေးက အပေါစားသက်သက် အရာတစ်ခုမဟုတ်ပါဘူး။ တကယ်တမ်း ခက်ခဲနက်နဲမှုတွေ၊ လှပတဲ့ လှည့်စားမှုတွေ၊ နီးနီးကပ်ကပ်ကြည့်လေ မမြင်နိုင်လေ ဖြစ်ရတဲ့ အာရုံလွှဲပြောင်းမှုတွေနဲ့ ရသမြောက်လှတဲ့ အနုပညာတစ်ရပ်ဖြစ်ပါတယ်။ ပုံဖော်ကြည့်ရရင်တော့ မျက်လှည့်ပညာဟာ လူသားတွေနဲ့ ဘဝရဲ့ ဆက်စပ်မှုကို မီးမောင်းထိုးပြ နေသလိုပါပဲ ဘဝမှာ မုန်တိုင်းထန်ချိန်နဲ့ လေပြေခတ်ချိန် ရှိတယ်၊ မမြင်နိုင်တဲ့ ထောင်ချောက်တွေနဲ့ လှည့်စားမှုတွေလည်း အများကြီးရှိတယ်။ လူသားတွေကတော့ နည်းအမျိုး လမ်းအသွယ်သွယ်နဲ့ ရင်ဆိုင်ကျော်ဖြတ်ရတယ်၊ လဲကျသွားလည်း အဆုံးထိ ဆက်လျှောက်သွားရတယ်။ ဒီလိုပါပဲ မျက်လှည့်ပညာမှာ နက်နဲမှုတွေ၊ လှည့်စားမှုတွေ ပေါင်းစပ်ပါဝင်နေသလို ကျရှုံးခြင်းနဲ့ အောင်မြင်ခြင်းကလည်း ဒွန်တွဲနေပြန်တယ်။ မျက်လှည့်ဆရာတွေ အနေနဲ့လည်း ဒါတွေကို ကိုင်တွယ်ဖြေရှင်းရတယ်၊ လေ့ကျင့်အားထုတ်ရတယ်၊ အောင်မြင်မှုကို အရဆွတ်ခူးကြတယ်။ ခက်ခဲမှု၊ ကြမ်းတမ်းမှု၊ လှည့်စားမှု၊ ရင်ဆိုင်ကျော်ဖြတ်မှု၊ ဇွဲဝီရိယတွေနဲ့ အောင်မြင်မှုဆိုတာတွေက မျက်လှည့်ပညာရဲ့ အနှစ်သာရ ဖြစ်သလို ဘဝနဲ့ လူသားတွေကို ပုံဆောင်နေတဲ့ အရာပါပဲ။

ကျောင်းရှာရန်

လမ်းကြောင်း

မျက်လှည့်ဆရာ တစ်ယောက်ဖြစ်နိုင်ဖို့ လမ်းကြောင်း

မျက်လှည့်ပညာရှင်တစ်ယောက်အတွက် စိတ်ပါဝင်စားမှု၊ စူးစမ်းလေ့လာမှုနဲ့ ဇွဲလုံ့လ ဝီရိယတွေ လိုအပ်တဲ့အပြင် စိတ်ရှည်မှုနဲ့ လေ့ကျင့်မှုကတော့ မရှိမဖြစ်ပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ ရလဒ်တိုင်းရဲ့ နောက်ကွယ်မှာ အပြင်းအထန် လေ့ကျင့်ခြင်းဆိုတာ ရှိသလိုပဲ မျက်လှည့်ဆိုတာကလည်း ဇွဲကို အရင်းတည်ထားတဲ့ အရာပါပဲ။ အခုနောက်ပိုင်းမှာ မျက်လှည့်ပညာ စိတ်ဝင်စားတဲ့ သူတွေအတွက် မျက်လှည့်ကျောင်းတွေလည်း ဖွင့်လာကြပြီ ဖြစ်သလို online မျက်လှည့်သင်ကြားမှုတွေလည်း လုပ်လာကြတာမို့ ဝါသနာရှင်တွေ အတွက်ကတော့ ပညာရှင်အဆင့်ကို တက်လှမ်းဖို့ ပိုမိုနီးစပ်တဲ့ အခွင့်အလမ်းတစ်ခုလို့ ဆိုရမှာပါ။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

ကျောင်းအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ မျက်လှည့်သီးသန့်ကျောင်းရယ်လို့ မရှိသေးပါဘူး။ မျက်လှည့်ပညာက များသောအားဖြင့် self-study ပုံစံနဲ့ သွားကြတာ ဖြစ်ပါတယ်။ မျက်လှည့်ဝါသနာရှင်တွေ စုပေါင်းထားတဲ့ groups လေးတွေကနေ လေ့လာလို့ရသလို မျက်လှည့်ပညာရှင်တစ်ချို့ ဖွင့်လှစ်ထားတဲ့ ရက်တိုသင်တန်းလေးတွေကိုလည်း တက်ရောက်နိုင်ပါတယ်။ ဒါ့အပြင် Mr.Top and Harry Magic School တို့လို online သင်တန်းလေးတွေကနေလည်း သင်ယူလေ့လာနိုင်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

မျက်လှည့်ပညာကို အထူး စိတ်ဝင်စားပြီး မိမိဘဝကို မျက်လှည့်ပညာရှင်တစ်ဦးအဖြစ် ရပ်တည်လိုသူများ၊ စိတ်ရှည်ပြီး ဇွဲလုံလဝီရိယ ရှိသူများ၊ လေ့ကျင့်မှု အပြင်းအထန် ပြုလုပ်နိုင်သူများ၊ အာရုံစူးစိုက်နိုင်ပြီး သင်ယူလေ့လာမှု အားကောင်းသူများ၊ စူးစမ်းလေ့လာလိုစိတ် ရှိသူများနှင့် သင့်တော်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

ကျောင်းစရိတ်အနေနဲ့ကတော့ မျက်လှည့်ကျောင်း သီးသန့်မရှိလို့ အတိအကျ ပြောဖို့ ခက်ပေမယ့် တစ်ချို့ မျက်လှည့်ပညာရှင်တွေ ဖွင့်လှစ်ထားတဲ့ ရက်တိုသင်တန်းလေးတွေမှာဆိုရင် ကိုယ်သင်တဲ့ မျက်လှည့်ပြကွက်အလိုက် ဈေးနှုန်းကွာခြားမှု ရှိပါတယ်။ ဥပမာ အနီးကပ်မျက်လှည့်ဆိုရင် ငါးသောင်းဝန်းကျင် ရှိပြီးတော့ စင်တင်မျက်လှည့်မျိုးဆိုရင် တစ်သိန်းဝန်းကျင်လောက် ရှိပါတယ်။ online မျက်လှည့်သင်တန်းမျိုးဆိုရင် သင်တန်းတစ်ခုကို ငါးထောင်၊ တစ်သောင်းကျပ် ဝန်းကျင်နဲ့ ဈေးနှုန်းချိုသာစွာ သင်ယူလေ့လာနိုင်ပါတယ်။ ဒါ့အပြင် မျက်လှည့်ပြရာမှာ အသုံးပြုကြတဲ့ ပစ္စည်းတွေအတွက် ကတော့ မိမိဝယ်ယူတဲ့ ပစ္စည်းအလိုက် တန်ဖိုး ကွာခြားသွားမှာ ဖြစ်ပြီးတော့ အနိမ့်ဆုံး မြန်မာငွေ ၇၀၀ကျပ်ဝန်းကျင်ကနေ အမြင့်ဆုံး သိန်းကျော်လောက်အထိ ရှိနိုင်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

Street Performance Magician မှ နေ၍ နိုင်ငံကျော် ၊ ကမ္ဘာကျော်တဲ့းအထိ ရှိနိုင်တာဖြစ်လို့ ဝင်ငွေများ အမျိုးမျိုးရှိနိုင်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

မျက်လှည့်ပြပွဲတွေကို စားသောက်ဆိုင်၊ ဘုရားပွဲ၊ ပြဇာတ်ရုံ၊ ဆပ်ကပ်ပွဲ စတဲ့ နေရာအမျိုးမျိုးမှာ မတူညီတဲ့ နည်းလမ်းအသွယ်သွယ်နဲ့ တင်ဆက်ပြသလေ့ရှိပါတယ်။ ကိုယ်တော်ရင် တော်သလို Hotel တွေမှာ ပြုလုပ်တဲ့ ပြပွဲကြီးတွေမှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖန်သားပြင်ပေါ်က မျက်လှည့်အစီအစဉ်တွေမှာလည်း ပါဝင်တင်ဆက်နိုင်ပါသေးတယ်။

အလုပ်ရဲ့ အနာဂတ်

အနာဂတ်အနေနဲ့ကတော့ မျက်လှည့်ပညာရှင်တစ်ယောက်က ဘယ်အသက်အရွယ်၊ ဘယ်အချိန်လောက်ထိပဲ လုပ်နိုင်တယ်ဆိုပြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ကိုယ်လုပ်နိုင်သလောက် လုပ်ချင်သလောက် လုပ်ခွင့်ရှိပါတယ်။ မျက်လှည့်ပညာဆိုတာ အနုပညာဆန်တဲ့ ဖျော်ဖြေမှုတစ်ရပ် ဖြစ်တာမို့လို့ နောက်ပိုင်းဆိုရင် ဒီ့ထက်ပိုပြီး တွင်ကျယ်လာမှာပါ။ ကျွမ်းကျင်သူတွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာတင်မက နိုင်ငံခြားအထိပါ တော်ရင် တော်သလို ထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ မျက်လှည့်ပညာရှင်အဖြစ်ကနေ အနားယူပြီး မျက်လှည့်နဲ့ သက်ဆိုင်တဲ့ အလုပ်တွေပဲ ဆက်လုပ်ချင်တယ် ဆိုရင်တော့ မျက်လှည့်သင်တန်း ပေးတာမျိုး၊ မျက်လှည့်ပစ္စည်း အရောင်းဆိုင် ဖွင့်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

အလုပ်အပေါ်စိတ်ကျေနပ်မှု

မျက်လှည့်ပညာရှင် တစ်ယောက်အနေနဲ့ ရင်ဆိုင်ရမှာတွေကတော့ အများကြီးပါပဲ။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ မျက်လှည့်ပညာက ကဏ္ဍတစ်ရပ်အနေနဲ့ တဖြည်းဖြည်း နေရာယူလာပြီ ဆိုပေမယ့် အဲ့လောက်ကြီး တွင်ကျယ်မှု မရှိသေးတာမို့ မျက်လှည့်ကျောင်းတွေကလည်း ရှားပါးနေရတာပါ။ ဘယ်အရာမဆို အောက်ခြေက စတင်ရသလိုပဲ လမ်းပေါ်မျက်လှည့်ပွဲလေးတွေ ကနေ ပြဇာတ်ရုံတွေ၊ Happy World လို ကစားကွင်းတွေ၊ တိရစ္ဆာန်ရုံ တွေကနေတစ်ဆင့် ဟိုတယ်ပြပွဲကြီးတွေအထိ အဆင့်ဆင့် တက်လှမ်းရတာပါ။ အစပိုင်းမှာတော့ စိတ်ရှည်ရှည်နဲ့ သည်းခံရမယ် ဆိုပေမယ့် အောက်ခြေက ကြိုးစားအားထုတ်မှုတွေဟာ professional တစ်ယောက် ဖြစ်လာဖို့ အထောက်အပံ့တွေပါပဲ။ အမြင့်တစ်နေရာ ရောက်တဲ့အချိန်၊ ကိုယ်အားထုတ်မှုတွေရဲ့ အဖြေကို တွေ့ရတဲ့အချိန်၊ ကိုယ့်မျက်လှည့်ကို လူတွေအံ့အားတသင့် စိတ်ဝင်စားကြတဲ့အချိန်တွေမှာဆိုရင်တော့ ကြိုးစားရကျိုးနပ်မှန်း နားလည်သွားမှာပါ။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

မျက်လှည့်ပညာရှင် တွေအတွက် ပရိတ်သတ်တွေအကြား ဖျော်ဖြေ ပြသရတဲ့အခါ လူတွေရဲ့ တုံ့ပြန်မှု အံ့သြမင်သက်မှုတွေ သူတို့ပြတဲ့ Performance အလိုက်ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုတွေကို ကြည့် ပြီး ပီတိဖြစ်ရတာတွေဟာ သူတို့အတွက် အကြီးမားဆုံးသော တွန်းအားတွေပါပဲ။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ