Mechanic တစ်ယောက်ဆိုတာ

Mechanic အလုပ်ဆိုတာ

စက်ယန္တရားတွေရဲ့ ကယ်တင်ရှင်ရယ်လို့ တင်စားအဓိပ္ပါယ်ဖွင့်ဆိုနိုင်တဲ့ Mechanic တွေကတော့ စက်ယန္တရား အမျိုးမျိုး၊ ယာဉ်တွေနဲ့ လျှပ်စစ်ပစ္စည်းဆိုင်ရာတွေကို စစ်ဆေးပြုပြင်သူများ ဖြစ်ကြပါတယ်။ Mechanic ဆိုတဲ့ ကဏ္ဍမှာ Auto Mechanic, Small Engine Mechanic, Heavy Vehicle Mechanic, Diesel Mechanic, Heating, Air Conditioning, and Refrigeration Mechanic, Aircraft Mechanic, Electrical Mechanic ဆိုပြီး အမျိုးအစားပေါင်း များစွာပါဝင်ပါတယ်။ သူ့အမျိုးအစားအလိုက် အဓိက လုပ်ဆောင်ချက်တွေတော့ ကွဲပြားကြပေမယ့် Mechanic တစ်ယောက်အနေနဲ့ ပုံမှန်အားဖြင့် စက်ပစ္စည်း၊ ယာဉ်၊ လျှပ်စစ်ပစ္စည်းဆိုင်ရာ စစ်ဆေးပြုပြင်မှု၊ စက်ပစ္စည်းနဲ့ မော်တော်ယာဉ်များ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ စက်ပစ္စည်း အစိတ်အပိုင်းများကို သတ်မှတ်ချက်အလိုက် တပ်ဆင်ခြင်း၊ စက်ကိရိယာများ အစားထိုးခြင်း၊ ပြုပြင်ရေးတာဝန်များ သတ်မှတ်ခြင်း၊ ပြုပြင်ရေးဆိုင်ရာ မှတ်တမ်းများ ထိန်းသိမ်းခြင်း၊ Customer များနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ စက်ပစ္စည်းနှင့် ပြုပြင်ရေး ဆိုင်ရာ ဗဟုသုတအသစ်များ ရှာဖွေလေ့လာခြင်း စတဲ့ အချက်တွေကို တာဝန်ယူရတာ ဖြစ်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

Mechanic တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

မြန်မာနိုင်ငံမှာ Mechanic တစ်ယောက်ဖြစ်ဖို့ လေ့လာသင်ကြားပေးမယ့် အစိုးရသင်တန်းကျောင်းတွေများစွာရှိပါတယ်။ GTHS (အစိုးရနည်းပညာအထက်တန်းကျောင်း)များ၊ AGTI ကျောင်းများ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အစိုးရသင်တန်းကျောင်းများ၊ နည်းပညာတက္ကသိုလ်များမှာ စက်မှုပညာများကို အခြေခံကစလေ့လာနိုင်မှာဖြစ်ပါတယ်။ GTHS ကျောင်းအတွက် ပညာအရည်အချင်းလိုအပ်ချက်အနေနဲ့ အခြေခံပညာအလယ်တန်းအဆင့်အောင်ရမှာဖြစ်ပြီး ကျောင်းရဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်ရမှာဖြစ်ပါတယ်။ GTHS ကျောင်းတွေမှာ ထူးချွန်သူများအနေနဲ့ AGTIကို တိုက်ရိုက်ပေါင်းကူးတက်နိုင်သလို ရိုးရိုးအောင်သူများအနေနဲ့လည်း AGTI ကျောင်းတွေမှာသင်ကြားတဲ့ ညကျောင်းတွေမှာ ဒီပလိုမာလက်မှတ်အတွက် ဆက်လက်သင်ကြားနိုင်မှာဖြစ်ပါတယ်။ AGTI ကျောင်းများ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အစိုးရသင်တန်းကျောင်းများမှာ လည်း ဝင်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်ရမှာဖြစ်ပြီး ပညာအရည်အချင်းအနေနဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်သူများဖြစ်ဖို့လိုအပ်ပါတယ်။ နည်းပညာတက္ကသိုလ်များမှာတော့ သတ်မှတ်ထားတဲ့ တက္ကသိုလ်ဝင်ခွင့်အမှတ် ရရှိဖို့လိုအပ်ပြီး နှစ်အလိုက်၊ ကျောင်းအလိုက် ဝင်ခွင့်အမှတ်သတ်မှတ်ချက်တွေက ကွာခြားမှုများရှိပါတယ်။ ပျှမ်းမျှအားဖြင့် တက္ကသိုလ်ဝင်ခွင့် အမှတ်ပေါင်း (၄၀၀) လောက်ရရှိတယ်ဆိုရင် နည်းညာတက္ကသိုလ်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ Mechanic တစ်ယောက်က အတန်းပညာတွေ၊ ဘွဲ့တွေထက် လက်တွေ့ပိုင်းနဲ့ အတွေ့အကြုံတွေက အရေးပါတာကြောင့် ကျောင်းစာများအပြင် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ မော်တော်ယာဉ် စက်မှုုလုပ်ငန်းစတဲ့ လက်တွေ့လုပ်ငန်းများမှာ အလုပ်သင်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ပြီး စက်မှုပညာကို လက်တွေ့လေ့လာဖို့အထူးလိုအပ်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

Mechanical ဘာသာရပ်ဆိုတာ အရမ်းကို ခက်ခဲပါတယ် ခန္ဓာကိုယ်လည်း ပင်ပန်းရသလို စက်ပစ္စည်းဆိုင်ရာ အခေါ်အဝေါ် အသုံးအနှုန်းတွေ၊ ပြဿနာတွေ၊ ချို့ယွင်းချက်တွေ စတဲ့ အချက်အလက် အများကြီးကို လေ့လာ မှတ်သားရတဲ့အပြင် စက်ပစ္စည်းတွေနဲ့ ပက်သက်ပြီး အစဉ်အမြဲ အသစ်တွေကို လေ့လာနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် Mechanic တစ်ယောက် ဖြစ်ဖို့ဆိုရင်တော့ Mechanical ပိုင်းကို တကယ်ဝါသနာပါတဲ့သူ၊ စက်ပစ္စည်း၊ ယာဉ်အကြောင်းတွေနဲ့ လျှပ်စစ်ပစ္စည်းဆိုင်ရာ စိတ်ပါဝင်စားတဲ့သူ၊ Engine တွေကို စိတ်ဝင်စားတဲ့သူ၊ Engine ဒီဇိုင်းဆွဲရတာမျိုးတွေကို နှစ်သက်သူ၊ ပစ္စည်း ကိရိယာတွေ စစ်ဆေးပြုပြင်ရတာကို စိတ်ဝင်စားတဲ့သူမျိုးနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် Mechanic တစ်ယောက် အနေနဲ့ စက်ယန္တရားတွေရဲ့ ပြဿနာ၊ ချို့ယွင်းမှုတွေကို ဆန်းစစ်ရှာဖွေရပြီး ပြုပြင်ရတာ ဖြစ်တဲ့အတွက် အသေးစိတ်ကျပြီး စိတ်ရှည်တတ်ဖို့နဲ့ ပြဿနာကို စူးစမ်းဖြေရှင်းနိုင်စွမ်းရှိဖို့လည်း လိုအပ်ပြန်ပါတယ်။ တစ်ဖက်မှာ Customer တွေနဲ့လည်း ညှိုနှိုင်းဆွေးနွေးရမယ့်အပိုင်းတွေ ရှိတဲ့အတွက် လူမှုဆက်ဆံရေးဆိုင်ရာ ကောင်းမွန်ဖို့လည်း လိုအပ်တဲ့အပြင် ကြီးမားလေးလံတဲ့ စက်ယန္တရား အမျိုးမျိုးအကြား အချိန်ပြည့်လုပ်ရမှာမို့ ခံနိုင်ရည်အားရှိပြီး ကျန်းမာရေး ကောင်းမွန်သူဖြစ်ဖို့လည်း အရေးကြီးပါတယ်။

ပညာအရည်အချင်း

Mechanic လောကမှာတော့ ပညာအရည်အချင်းဆိုတာထက် လက်တွေ့ လုပ်ငန်းမှာ အတွေ့အကြုံ ဝါရင့်တဲ့သူများက လုပ်ငန်းပိုင်းကျွမ်းကျင်မှုအလိုက် ဝင်ငွေကောင်းတစ်ခု နေရာကောင်းတစ်ခုရတတ်ပါတယ်။ သို့ပေမယ့် ပညာအရည်အချင်းအလိုက် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်လမ်းကြောင်းပိုမိုကောင်းမွန်တာကြောင့် ဘွဲ့တစ်ခုခု၊ ဒီပလိုမာ လက်မှတ်တစ်ခုခု ကို ရယူထားနိုင်ရင်တော့ တစ်ခြားသောအတွေ့အကြုံတူညီတဲ့ Mechanic သမားတွေနဲ့ယှဉ်ရင် ပိုမို ကောင်းမွန်တဲ့ အလုပ်အကိုင်လမ်းကြောင်း၊ ဝင်ငွေလမ်းကြောင်းပွင့်လာမှာအမှန်ပါပဲ..

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

စက်မှုပညာသင်ကြားပေးမယ့် အစိုးရစက်မှုကျောင်းများမှာတော့ ကျောင်းအလိုက် တက်ရောက်ရမယ့်ကြာမြင့်ချိန်က GTHS (၂)နှစ်၊ AGTI (3)နှစ်၊ နည်းပညာတက္ကသိုလ်မှာ (၆)နှစ် စသည်ဖြင့် ကွာခြားပါတယ်။ သည်အတွက် ကုန်ကျစရိတ်များလည်း ကျောင်းအလိုက်၊ နှစ်အလိုက်ကွာခြားမှုရှိပြီး ယေဘုယျအားဖြင့် အစိုးရကျောင်းများမှာတော့ ပညာသင်စရိတ်သက်သာသလို ပညာသင်ဆုများကိုလည်း လျှောက်ထား ရရှိနိုင်မှာဖြစ်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

Mechanic တစ်ယောက်ရဲ့ လစာကို ပြောရရင်တော့ ကိုယ့်ရဲ့ လုပ်သက်အတွေ့အကြုံ၊ အရည်အချင်းနဲ့ လုပ်ကိုင်ရာ နေရာအလိုက် လစာအနည်းအများ ကွာခြားမှုတွေ ရှိနိုင်ပေမယ့် ယေဘုယျ အနေနဲ့ ပြောရရင် ပျမ်းမျှ သုံးသိန်းကနေ ရှစ်သိန်းဝန်းကျင် လောက်အထိ ရှိပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

Mechanic တွေအနေနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ အကြီးစားစက်ယန္တရားလုပ်ငန်း၊ စက်ရုံတွေ၊ လျှပ်စစ်ပစ္စည်းဆိုင်ရာလုပ်ငန်း၊ စက်ကိရိယာဆိုင်ရာလုပ်ငန်း၊ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာလုပ်ငန်း၊ ကားဝပ်ရှော့၊ မော်တော်ယာဉ်အငှား လုပ်ငန်းများ စတဲ့ လုပ်ငန်းနယ်ပယ် တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် ကားဝပ်ရှော့၊ ပြုပြင်ရေးစင်တာ ဖွင့်တာမျိုးတွေ၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းထူထောင်တာမျိုး ဒါမှမဟုတ် Mechanical ဆိုင်ရာ လုပ်ငန်းခွင် သင်တန်းပေးတာမျိုးတွေလည်း လုပ်နိုင်ပါသေးတယ်။

အလုပ်ရဲ့ အနာဂတ်

အနာဂတ်မှာ စက်မှုလုပ်ငန်းတွေ ပိုမိုအဆင့်မြင့်လာမှာဖြစ်ပြီး လူဦးရေတိုးပွားလာနဲ့အညီ စက်မှုလုပ်ငန်းတွေပိုမိုတိုးချဲ့လာရမှာဖြစ်လို့ စက်ပစ္စည်းပြုပြင်ထိန်းသိမ်းပေးမယ့် Mechanic တစ်ယောက်ရဲ့လမ်းကြောင်းက ပိုမို ကောင်းမွန်ပြီး အဆင့်မြင့်လာမှာဖြစ်ပါတယ်။ စက်ဆီ၊ အမဲဆီတွေနဲ့ ညစ်ညစ်ပတ်ပတ်လုပ်ရတဲ့ လုပ်ငန်းခွင်ကနေ၊ နည်းပညာမြင့် ကိရိယာတွေနဲ့ ပြုပြင်ထိန်းသိမ်းတာတွေကို မြင်လာရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Mechanic သမားတစ်ယောက်ဖြစ်ချင်သူများနဲ့ Mechanic သမားတွေအနေနဲ့ သင်ယူမှုကို ဆက်လက်ရှင်သန်စေရမှာဖြစ်ပြီး နည်းပညာများကိုလည်း လေ့လာလိုက်စားသွားဖို့လိုအပ်ပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ