မိုးလေဝသပညာရှင် အလုပ်ဆိုတာ

မိုးလေဝသပညာရှင် အလုပ်ဆိုတာ

မိုးလေဝသအခြေအနေများကို တီဗွီတို့ ရေဒီယိုတို့ကနေ လွယ်ကူစွာသိနိုင်ပေမဲ့ မိုးလေဝသ ခန့်မှန်းချက်များတိကျစွာ ထွက်လာဖို့က လွယ်တဲ့ အလုပ်တော့မဟုတ်ပါဘူး။ စကေးအတိအကျတိုင်းတာရပါတယ်။ မိုးလေဝသ ဌာနအသီးသီးမှ ရလာတဲ့ အတိုင်းအတာ အချက်အလက်များကိုလည်း ပြန်လည်တွက်ချက်ပြီးမှသာ မိုးလေဝသခန့်မှန်းချက် အဖြေကို ထုတ်ပြန်ရတာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရန်အတွက် တိကျတဲ့ အဖြေထုတ်ပြန်ဖို့ဆိုတာက မိုးလေဝသပညာရှင်တစ်ယောက်ရဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ တိကျမှု၊ အတွေ့အကြုံများပြားမှု အပေါ်မူတည်ပါတယ်။ ဒါ့ကြောင့် ကျွမ်းကျင်မိုးလေဝသ ပညာရှင်တွေဆိုတာက ပြည်သူပြည်သားတွေကို သဘာဝဘေးအန္တရယ်များမှ ကာကွယ်ပေးနေကြတဲ့ သူရဲကောင်းတွေဖြစ်ပါတယ်။ ဒါ့အပြင် မိုးလေဝသခန့်မှန်းတဲ့ အလုပ်တစ်ခုထဲသာမက လေကြောင်းပျံသန်းမှုဆိုင်ရာတွက်ချက်မှုများ၊ စိုက်ပျိုးရေးဆိုင်ရာ တွက်ချက်မှုများ၊ ရေကြောင်းသွားလာမှုဆိုင်ရာတွက်ချက်မှုများ စသည့် ဂဏ္ဍများမှာလည်း မရှိမဖြစ်လိုအပ်သော ပညာရှင်များဖြစ်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

မိုးလေဝသပညာရှင်  တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ဖို့ သွားရမယ့် လမ်းကြောင်းအစက မိုးလေဝသနဲ့ဆိုင်တဲ့ ကျောင်းတွေမှာလေ့လာသင်ယူရန် ဖြစ်ပါတယ်။ အစိုးရတက္ကသိုလ်များမှတစ်ဆင့် သင်္ချာမေဂျာ၊ ရူပဗေဒ မေဂျာအထူးပြု လေ့လာပြီး မိုးလေဝသနဲ့ သက်ဆိုင်တဲ့ Meteorology မေဂျာကို ပေါင်းကူးတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မိုးလေဝသ ခန့်မှန်းမှုပညာကို သင်ကြားပေးတဲ့ အပြင်တက္ကသိုလ်မရှိပေမဲ့ လေကြောင်းပျံသန်းမှုှဆိုင်ရာ သင်တန်းကျောင်းများ၊ ရေကြောင်း သွားလာမှု ဆိုင်ရာသင်တန်းကျောင်း၊ စိုက်ပျိုးရေးသင်တန်းကြောင်းများမှာတော့ သက်ဆိုင်ရာ ရေ၊ မြေ၊ လေ တိုင်းတာတွက်ချက်ဘာသာရပ်များကို တွဲဖက်သင်ကြားပေးတာမျိုးရှိပါတယ်။ မိုးလေဝသခန့်မှန်းတဲ့ အလုပ်မှာ ကျွမ်းကျင်တတ်မြောက်နိုင်ဖို့ဆိုတာက စာတွေ့တစ်ခုထဲသာမက တိုင်းတာရေးကိရိယာများနဲ့ လက်တွေ့လုပ်ဆောင်ဖို့ အထူးလိုအပ်ပါတယ်။ ကိုယ်တိုင်လေ့လာနိုင်ဖို့ဆိုတာလည်း လိုအပ်တဲ့ တိုင်းတာရေးကိရိယာများမှာ ဈေးနှုန်း မြင့်မားတဲ့ အတွက် ငွေအရင်းအနှီးက မရှိမဖြစ်လိုအပ်လာပါတယ်။ ငွေကြေးအရရော၊ ပစ္စည်းဝယ်ယူနိုင်မှုအတွက်ရော အခက်အခဲရှိတဲ့သူများအတွက်တော့ အစိုးရ မိုးလေဝသဌာနများမှာ နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်ဆောင်ရင်း မိုးလေဝသခန့်မှန်းတဲ့ပညာလက်တွေ့ပိုင်းကို ဆက်လက်လေ့လာတာကတော့ အကောင်းဆုံးပါပဲ။ ရေမြေတောတောင်သဘာဝတရားရဲ့ တည်ရှိမှုများ၊ ပြောင်းလဲမှုများ၊ လူနှင့် တိရိစ္ဆာန်တို့အပေါ် သက်ရောက်မှုများကို သိရှိနားလည်ပြီး တိုင်းတာရေးကိရိယာများရဲ့ အသုံးပြုပုံများ တိုင်းတာမှုများ၊ တွက်ချက်မှုများကို စေ့စေ့စပ်စပ် တိတိကျကျ ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ပြီဆိုရင်တော့ မိုးလေဝသပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုနိုင်ပြီဖြစ်ပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

ကျောင်းအနေနဲ့ မြန်မာနိုင်ငံမှာ သီးသန့်မရှိပေမဲ့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ တက္ကသိုလ်များနှင့် ပေါင်းစည်း၍ Meteorology နှင့် Hydrology Degree programs များကိုဖွင့်လှစ်သင်ကြားပေးပါတယ်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များရှိ Mathematics, Physics မေဂျာများမှာ Honours ပါသူများအနေနဲ့ Meteorology နဲ့ Hydrology မေဂျာများကို ရန်ကုန်မြို့ရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များမှာ ပြောင်းလဲတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ ထိုမေဂျာများအတွက် (၃)နှစ်ဆက်လက်တက်ရောက်ရမှာဖြစ်ပြီး B.Sc ဘွဲ့ကို ရရှိမှာဖြစ်ပါတယ်။ Aviation Meteorology, Marine Meteorology, Agricultural Meteorology တစ်ပိုင်းခြင်းလေ့လာ ချင်ရင်တော့ သက်ဆိုင်ရာ လေကြောင်း၊ရေကြောင်း၊စိုက်ပျိုးရေးကျောင်းတွေမှာ လေ့လာသင်ကြားရမှာဖြစ်ပါတယ်။ Aviation Meteorology ကို မိတ္ထီလာမြို့မှာရှိတဲ့ Myanmar Aerospace Engineering University ၊ ပုသိမ်မြို့မှာရှိတဲ့ Myanmar Aviation Academy အစရှိတဲ့ ကျောင်းများလေ့လာသင်ယူနိုင်ပါတယ်။ Marine Meteorology ပညာကိုတော့ သံလျင်မှာရှိတဲ့ Myanmar Marine University လိုအစိုးရကျောင်းများအပြင် ပုဂ္ဂလိက Marine Academy သင်တန်းကျောင်းများတွင်လည်း သင်ယူနိုင်ပါတယ်။ Agricultural Meteorology Course ကိုတော့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်လိုမျိုး စိုက်ပျိုးရေးနှင့်သက်ဆိုင်သောကျောင်းမှာ သင်ကြား၍ ရနိုင်သလို ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်များမှ ပထဝီမေဂျာ၊ဘူမိဗေဒမေဂျာများမှာလည်းသင်ကြားနိုင်ပါတယ်။ Aviation Meteorology, Marine Meteorology, Agricultural Meteorology များကို Course အနေနဲ့သာသင်ကြားရမှာဖြစ်ပြီး သက်ဆိုင်ရာဘွဲ့များတော့မရနိုင်သေးပါဘူး။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

မိုးလေဝပညာရှင်ဆိုတာက သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့အလုပ်ဖြစ်တဲ့အတွက် သဘာဝဖြစ်ပျက်ပြောင်းလဲမှုများကို စိတ်ပါဝင်စားတဲ့သူများအတွက် သင့်တော်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ မိုးလေဝသခန့်မှန်းရတဲ့ အလုပ်က တိုင်းတာခြင်း၊ တွက်ချက်ခြင်း နဲ့ လုပ်ဆောင်ရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ မိုးရေချိန်၊ အပူချိန်၊ လေထုအခြေအနေ၊ တိမ်တိုက် အခြေအနေများကို သိရှိနိုင်ဖို့ သက်ဆိုင်ရာ ကိရိယာများနဲ့ တိုင်းတာတတ်ဖို့ အထူးလိုအပ်ပါတယ်။ Thermometer, Barometer, Aneometer စတဲ့အခြေခံတိုင်းတာကိရိယာမှအစ Radiosondes, Rader, Lidare နဲ့ ဂြိုလ်တုတွေလို ခေတ်မှီကိရိယာများနဲ့ တိုင်းတာတတ်အောင် လေ့လာထားရမှာဖြစ်ပါတယ်။ နိုင်ငံအတွင်းရှိ မိုးလေဝသ ဌာန အသီးသီးမှ တိုင်းတာချက်များနဲ့ အိမ်နီးချင်းနိုင်ငံများရှိ မိုးလေဝသဌာနများမှ အချက်အလက်များကို ရယူပြီး ပြန်လည်တွက်ချက်ရတဲ့အတွက် မိုးလေဝသဆိုင်ရာ တွက်ချက်မှုများကို လည်း လေ့လာရမှာဖြစ်ပါတယ်။ ဒါ့အပြင် တွက်ချက်ရရှိတဲ့ မိုးလေဝသ အခြေအနေများက သက်ရှိ၊ သက်မဲ့ များအပေါ် မည်ကဲ့သို့သက်ရောက်နိုင်မည်ဆိုတာကို ပြန်လည်ထုတ်ပြန်ရမှာဖြစ်တဲ့အတွက် သဘာဝပြောင်းလဲမှုနဲ့ သက်ရှိသက်မဲ့များရဲ့ ဆက်နွယ်မှုကိုလည်း သိရှိထားဖို့အထူးလိုအပ်ပါတယ်။

ပညာအရည်အချင်း

Meteorologist တစ်ယောက်ဖြစ်ဖို့ Meteorology နဲ့ Hydrology ဘာသာရပ်တွေမှာ B.Sc ဘွဲ့ရဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အစိုးရဌာနတွေမှာ ရာထူးမြင့်မြင့်ရဖို့အတွက်ကတော့ သက်ဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုနဲ့ လုပ်ငန်းအတွေ့အကြုံရှိဖို့ လိုပါတယ်။ Marine Meteorologist, Aviation Meteorologist, နဲ့ Agricultural Meteorologist စတဲ့ အထူးပြုပညာရှင်အဖြစ်နဲ့ အလုပ်လုပ်ချင်ရင်တော့ သက်ဆိုင်ရာ တက္ကသိုလ်ရှိ ဘွဲ့များ၊ သက်ဆိုင်ရာ ပုဂ္ဂလိကကျောင်းမှ ဒီပလိုမာလက်မှတ်များ ရှိထားဖို့ လိုပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

မြန်မာနိုင်ငံမှာတော့ ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်များမှတစ်ဆင့် Meteorology ပညာရပ်ကိုလေ့လာနိုင်တာကြောင့် ကုန်ကျစရိတ်ကျတော့ များများစားစားမရှိပါဘူး။ သို့ပေမဲ့ အဆောင်နေစရိတ် စားစရိတ်ဆိုတာလည်းရှိသေးတာကြောင့် ကုန်ကျစရိတ်ကို ခန့်မှန်းရခက်ပါတယ်။ Marine Meteorology, Aviation Meteorology နဲ့ Agricultural Meteorology Courses တွေကတော့ သက်ဆိုင်ရာတက္ကသိုလ်အလိုက် လေးနှစ်မှ ငါးနှစ်အထိ တက်ရောက်သင်ကြားရမှာဖြစ်ပါတယ်။ ပုဂ္ဂလိက Marine Academy, Aviation Academy, Agricultural Academy ကျောင်းများမှာတော့ လပိုင်း သို့မဟုတ် နှစ်အနည်းငယ် (၁နှစ်မှ ၂နှစ်)နဲ့ အတတ်သင်ကြားပေးတာကြောင့် ကုန်ကျစရိတ်က အစိုးရကျောင်းတွေထက်တော့ပိုပါလိမ့်မယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

အစိုးရဌာနမှာ အလုပ်လုပ်ချင်သူများအနေနဲ့ မြန်မာနိုင်ငံရှိ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနများမှာ ရာထူးအကြီးအငယ်အလိုက် လစာအနည်းဆုံး (၁သိန်း ၈သောင်း)မှ လစာအမြင့်ဆုံး ( ၅ သိန်းအထိ) ရရှိနိုင်မှာဖြစ်ပါတယ်။ တခြားသော လေကြောင်း၊ ရေကြောင်း၊ စိုက်ပျိုးရေး စတဲ့ ဂဏ္ဍအသီးသီးမှာတော့ ကိုယ့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ လုပ်သက်အတွေ့အကြုံအပေါ်မူတည်ပြီး ကုမ္ပဏီအကြီးအသေးအလိုက် ပေးတဲ့ လစာလည်းကွာခြားနိုင်လို့ ခန့်မှန်းရခက်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

မိုးလေဝသခန့်မှန်းမှုနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများက မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ်မရှိပေမဲ့ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် မပျက်စီးဖို့အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်မှုများနဲ့ သဘာဝဘေးအန္တရာယ်ကြိုတင်ခန့်မှန်းမှုတွေက တစ်ခြားသော စီးပွားရေးဆိုင်ရာ လူမှုရေးဆိုင်ရာ အလုပ်များကဲ့သို့ အရေးပါတဲ့အလုပ်တစ်ခုပါပဲ။ မိုးလေဝသပညာရှင်များအနေနဲ့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန လိုအစိုးဌာနများမှာလုပ်ကိုင်နိုင်ပြီး၊ TV, Radio Stations နဲ့ Social Media စသည်တို့မှာ မိုးလေဝသဆိုင်ရာဆွေးနွေးသည့် အကြံပေးသူ အဖြစ်လည်းလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ လေကြောင်းပျံသန်းမှုများ၊ ပင်လယ်ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများမှာ Meteorologist အလုပ်ဟာ မရှိမဖြစ်ပါပဲ။ မိုးလေဝသပညာသင်ကြားရေးပိုင်းမှာ စိတ်ဝင်စားတယ်ဆိုရင်လည်း တက္ကသိုလ်ကျောင်းများရှိ Meteorology နဲ့ Hydrology ဌာနများမှာ ဆရာအဖြစ်လုပ်ကိုင်နိုင်ပါသေးတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနလုပ်သည့် အဖွဲ့အစည်းများတွင်လည်း အလုပ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

ပြည်သူလူထု များကို သဘာဝဘေးအန္တာရာယ်ရှောင်တိမ်းကာကွယ်နိုင်ရန်အတွက် မုန်တိုင်းဖြစ်ပေါ်ခြင်းများ၊ နေအပူချိန်မြင့်တက်လာမှုများ၊ ရေကြီးရေလျှံမှုများစတဲ့ သဘာဝဘေးအန္တရာယ်ခန့်မှန်းခြင်းက နိုင်ငံတစ်နိုင်အတက် အဓိကလိုအပ်တဲ့အရာတွေဖြစ်လို့ Meteorology အလုပ်ဟာ အမြဲလုပ်ကိုင်ဖို့ လိုအပ်နေတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင်
လူသားတွေ အလုပ်ကိုင်၊ အသွားအလာ များလာတာနဲ့အမျှ လေကြောင်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေးများပိုမိုတိုးချဲ့လာရပါတယ်။ တဆက်ထည်းမှာ Meteorologist လိုပညာရှင်များက လူသားများ သွားရေး၊ လာရေးအဆင်ပြေမယ့် ရာသီဥတုတွက်ချက်ခြင်းများကလည်း အရေးပါလာပါတယ်။ ထို့ အပြင် လူတို့ ၏ စားဝတ်နေရေးအတွက် လုပ်ကိုင်နေတဲ့ စိုက်ပျိုးရေးလုပ်ငန်းများမှာ Meteorology ပညာရှင်များ မဖြစ်မနေပါဝင်ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ လို စိုက်ပျိုးရေးနိုင်ငံမှာ စနစ်တကျစိုက်ပျိုးနိုင်ရန်၊ အကျိုးအမြတ်များများရရန် Agricultural Meteorologist များလိုအပ်လျှက်ရှိပါတယ်။ ဒါ့ကြောင့် အလုပ်ရဲ့ အနာဂတ်က ကိုယ့်ရဲ့ အရည်အချင်းရှိသလောက်ကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ဦးမှာဖြစ်ပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ