အဟာရဗေဒပညာရှင် (Nutritionist)

ကျန်းမားရေးနှင့်ညီညွှတ်စွာစားသောက်နိုင်ရန် အကြံပေးလမ်းညွှန်သူ

အစာအဟာရဗေဒ ပညာရှင်( Nutritionist) တစ်ယောက်ဆိုတာက လူတွေနေ့စဉ်ပြုလုပ်တဲ့ အစားအစာ စားသောက်ခြင်းတွေမှာ ကျန်းမာရေးမထိခိုက်အောင် ဆောင်ရ၊ ရှောင်ရမယ့် အစားအစာတွေကို လမ်းညွှန်အကြံပေးနိုင်တဲ့ ပညာရှင်တွေဖြစ်ပါတယ်။ အလုပ်လုပ်နိုင်ဖို့ ၊ ပညာသင်နိုင်ဖို့က ကျန်းမာရေးက အဓိကလိုအပ်တဲ့အရာတစ်ခုဖြစ်သလို ကျန်းမာရေးကောင်းမွန်ဖို့ဆိုတာ အစားအသောက်ကို ပေါ့ပေါ့တန်တန်ကိစ္စလို မဟုတ်ပဲ အလေးထားသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ယခုခေတ်မှာ Ready-Made အစားအစားများ၊ စားကောင်းပေမယ့်အဟာရမဖြစ်တဲ့ မုန့်များ၊ အဆီများတဲ့အစားအစာများ စတဲ့ ရောဂါဖြစ်စေမယ့်အစားအစာတွေကို မဆင်မခြင်စားသုံးပြီး ကင်ဆာဖြစ်နှုန်းတွေတစ်ဖြည်းဖြည်းမြင့်မားလာတာကို လက်တွေ့တွေ့မြင်နိုင်ပါတယ်။ ကင်ဆာရောဂါကြောင့် အသက်ဆုံရှုံးမှုတွေ၊ ငွေကြေးဆုံးရှုံးမှုတွေလည်း အများကြီးတွေ့မြင်နေရဆဲပါ။ များသောအားဖြင့် မြန်မာလူမျိုးများက အစားအသောက်ဘက်မှာ ကျန်းမာရေးအမြင်နည်းပါးလှသလို အဟာရဆိုင်ရာ အသိအမြင်များလည်း နည်းပါးလှသလို ကျန်းမာရေးအဆင့်ကလည်း တခြားသောနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် နိမ့်ကျနေတဲ့ အနေအထားတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် Nutritionist တစ်ယောက်ဆိုတာက လူတစ်ဦးစီရဲ့ ကျန်းမာရေးအတွက်သာမက နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေးအဆင့်မြင့်မားလာဖို့ အရေးကြီးလိုအပ်တဲ့ ပညာရှင်တွေလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။

ကျောင်းရှာရန်

လမ်းကြောင်း

Nutritionist တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

မြန်မာနိုင်ငံမှာ Nutritionist တစ်ယောက်ဖြစ်ဖို့အတွက် လမ်းကြောင်းကို ကိုယ်ကိုယ်တိုင်ဖောက်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Nutritionist ဆိုတာကလည်း လက်ချိုးရေလို့ ရနိုင်သလို Nutritionist ဖြစ်လာတဲ့ လူတွေအနေနဲ့လည်း ကိုယ့်လမ်းကိုယ်ဖောက်ခဲ့ရတဲ့သူတွေဖြစ်ပါတယ်။ အရင်ဦးဆုံး ဆေးဘက်ဆိုင်ရာကျောင်းတွေမှာ ပညာသင်ကြားပြီး Nutrition ဘာသာရပ်ကိုတော့ နိုင်ငံခြားတက္ကသိုလ် (သို့) နိုင်ငံခြားတက္ကသိုလ်မျာနဲ့ ချိတ်ဆက်ထားတဲ့ကျောင်းမှာ ဆက်လက်လေ့လာရမှာဖြစ်ပါတယ်။ ပညာတွေကြိုးစားသင်ယူရုံသာမက ကျန်းမာရေးနဲ့ပတ်သက်တဲ့ စာတွေကို များမျာဖတ်၊ Research တွေများများလုပ်ပြီး ဆေးရုံများ၊ NGO အဖွဲ့အစည်းများ၊ ကုမ္ပဏီများမှာ အလုပ်ဝင်လုပ်ပြီး လုပ်ငန်းအတွေ့အကြုံတွေယူဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်အပေါ် အစာအဟာရရဲ့သက်ရောက်မှု၊ ခန္ဓာဗေဒရဲ့ ဖြစ်ပျက်ပြောင်းလဲမှုတွေအတွက် များများလေ့လာပြီး ရောဂါကုသပိုင်းဆိုင်ရာကုသမှုပိုင်းမှာ အတွေ့အကြုံတွေရှိလာပြီဆိုရင်တော့ Nutritionist တစ်ယောက်အနေနဲ့ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

nutritionist တစ်ယောက်ဖြစ်ဖို့အတွက်သီးသန့်သင်ကြားပေးနိုင်တဲ့ ကျောင်းမျိုးမရှိဘူးဆိုပေမဲ့ ဆေးဘက်ဆိုင်ရာကျောင်းတစ်ခုခု တက်ပြီး သက်ဆိုင်ရာ Nutrition ဘာသာရပ်ကို မြန်မာနိုင်ငံ ပုဂ္ဂလိက Academy ကျောင်း (သို့) နိုင်ငံခြားတက္ကသိုလ်တွေမှာ ဆက်လက်သင်ကြားနိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာကျောင်းများအနေနဲ့ ဥပမာအားဖြင့် ဆေးကျောင်း၊ သူနာပြုတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်၊ ကျန်းမာရေးတက္ကသိုလ် စသည်ဖြင့် မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းများစွာရှိပါတယ်။ ကျောင်းအသီးသီး အလိုက်တက်ရောက်သင်ကြားရမဲ့ အချိန်ကွာခြားနိုင်ပါတယ်။ ဆေးကျောင်းတက္ကသိုလ်တွေကို (၇)နှစ်တက်ရောက်ရမှာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်ကြီး စတဲ့မြို့တွေမှာ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တွေအနေနဲ့ (၄)နှစ်ခန့်တက်ရောက်ရမှာဖြစ်ပြီး ကျန်းမာရေးတက္ကသိုလ်မှလွဲ၍ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာပဲ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးတက္ကသိုလ်ကိုတော့ မကွေးမြို့မှာ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာဘွဲ့တစ်ခုခုကို ရရှိပြီးရင်တော့ နိုင်ငံခြားမှာ Nutrition Master တက်မလား၊ ပြည်တွင်း ပုဂ္ဂလိကကျောင်းမှာ Nutrition Master တက်မလားဆိုတာကတော့ ကိုယ်ကိုယ်တိုင်ရွေးချယ်ရမှာဖြစ်ပါတယ်။ ပြည်တွင်းမှာပဲ Nutrition Master ဆက်တက်မယ်ဆိုရင်တော့ ဒီလိုသင်တန်းကျောင်းမျိုးရှိပါတယ်။ နိုင်ငံခြားမှာဆိုရင်တော့ အနီးဆုံအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ Nutrition ဘာသာရပ်ကို သွားရောက်သင်ယူနိုင်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

Nutritionist တစ်ယောက်ဖြစ်ချင်တဲ့သူတစ်ယောက်ကတော့ ဆေးပညာရပ်နဲ့ လူနာတွေကို ပြုစုစောင့်ရှောက်မှုတွေကို စေတနာပါပါပြုလုပ်ရတဲ့အတွက် ဝါသနာက အဓိကဖြစ်ပါတယ်။ ဝါသနာမပါပဲ မိဘတွေက တွန်းပို့လို့၊ ဆရာဝန်တွေလိုပဲ ပိုက်ဆံများများရလို့ ဆိုရင်တော့ ကောင်းတဲ့ပညာရှင်တစ်ယောက်ဖြစ်မလာနိုင်ပါဘူး။ ဒါ့အပြင် ဆေးဘက်ဆိုင်ရာကျောင်းများရဲ့ဝင်ခွင့်အမှတ်က အတော်အတန်မြင့်တဲ့အပြင် ဆေးဘက်ဆိုင်ရာပညာကလည်း စာများများဖတ်ပြီး လေ့လာမှုများများလုပ်ရတဲ့အတွက် ဝါသနာအပြင် အစွမ်းကုန်ကြိုးစားအားထုတ်ဖို့လည်း လိုအပ်ပါတယ်။ ဆရာဝန်တွေနည်းတူ ရောဂါကုသမှုများနဲ့ လူနာတွေကို ပြုစုစောင့်ရှောက်ရမှာဖြစ်လို့ စေတနာအရင်းခံတဲ့ စိတ်ထားအပြင် လူတန်းစားမခွဲခြားတတ်တဲ့ လူမျိုးဆိုရင်တော့ Nutritionist တစ်ယောက်ဖြစ်ဖို့သင့်တော်ပါတယ်။

ပညာအရည်အချင်း

Nutritionist တစ်ယောက် ဖြစ်နိုင်ဖို့ ဆေးဘက်ဆိုင်ရာ ဘွဲ့တစ်ခု ရမှ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် nutrition ဘာသာရပ်လေ့လာလိုက်စားမှု သို့မဟုတ် အသိအမှတ်ပြု ဘွဲ့မျာရရှိထာမယ်ဆိုရင်တော့ အခွင့်အလန်းပိုမိုကောင်းမှာဖြစ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

ကျောင်းအလိုက် ပညာသင်ကာလတွေ ကွာခြားတာဖြစ်လို့ ကျောင်းစရိတ်နဲ့ ကုန်ကျစရိတ်တွေက ကိုယ်ရွေးချယ်တက်မယ့် တက္ကသိုလ်အပေါ်များအပေါ်မူတည်ပါတယ်။ များသောအားဖြင့်ဆေးတက္ကသိုလ်၊ သူနာပြု တက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် စတဲ့ ဆေးပညာနဲ့ သက်ဆိုင်တဲ့ကျောင်းများက Research များများလုပ်ရတယ်။ လက်တွေ့များများဆင်းရတဲ့အတွက်ကုန်ကျစရိတ်အနေနဲ့ အနည်းငယ်များနိုင်တယ်လို့ပြောလို့ရပါတယ်။ သို့ပေမဲ့ ငွေကြေးမတတ်နိုင်တဲ့ ထူးချွန်တဲ့သူများအတွက် ကျောင်းစရိတ်ထောက်ပံ့ပေးတဲ့ Foundation များလည်းရှိနေတဲ့အတွက် ငွေကြေးမတတ်နိုင်လည်း Nutritionist တစ်ယောက်ဖြစ်လာနိုင်ပါသေးတယ်။ Nutrition ဘာသာရပ်အထူးပြု ဆက်လက်လေ့လာဖို့လည်းလိုအပ်တဲ့အတွက် ဆက်လက်ပညာသင်ကြားမဲ့နေရာ (နိုင်ငံခြား (သို့) ပြည်တွင်း) အပေါ်မှာလည်း ကုန်ကျစရိတ်တွေကွာခြားပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

လစာနဲ့ ဝင်ငွေပိုင်းမှာတော့ Nutritionist တစ်ယောက်အနေဲ့ မိမိလုပ်ကိုင်တဲ့ နေရာအပေါ်မှာမူတည်နေပါတယ်။ အကယ်၍မိမိကိုယ်ပိုင် ဆေးခန်းဖွင့်ထားတဲ့သူတစ်ယောက်အနေနဲ့ ကုသမှုပိုင်းမှာ အောင်မြင်ကျော်ကြားသလောက်ကို ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုဖြစ်တယ်ဆိုတာ ငြင်းစရာမရှိနိုင်ပါဘူး။ ဆေးကုမ္ပဏီတွေမှာ ဝင်ရောက်လုပ်ကိုင်တဲ့ Nutritionist တစ်ယောက်ဆိုရင် အတွေ့အကြုံရှိရင်ရှိသလို အနည်းဆုံး(၄) သိန်းမှ အများဆုံး (၁၀) သိန်းကျော်ရနိုင်ပါတယ်။ အစိုးရဆေးရုံတွေမှာလုပ်ကိုင်မယ်ဆိုရင်တော့ ရာထူးအနိမ့်အမြင့်အလိုက် (၃) သိန်းမှ (၅) သိန်းအထိ ရှိနိုင်ပြီး အပြင်ပုဂ္ဂလိကဆေးရုံတွေမှာ မိမိရဲ့ လုပ်သက်နဲ့ နံမည်ရတဲ့ အပေါ်မူတည်ပြီး လစာ အနည်းအများကိုခန့်မှန်းရခက်ပါတယ်။ ဒါ့အပြင် NGO လိုအဖွဲ့အစည်းမှာ တော့ မိမိတို့အရည်အချင်းအပေါ် မူတည်ပြီး ဒေါ်လာ ၈၅၀ မှ ဒေါ်လာ ၁၅၀၀ အထိရနိုင်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အစိုးရ ဆေးရုံ၊ ပုဂ္ဂလိက ဆေးရုံ တွေမှာ ဆရာဝန်တစ်ယောက်အနေနဲ့ လုပ်ကိုင်နိုင်သလို ကိုယ်ပိုင် ဆေးခန်းဖွင့်ပြီးလုပ်ကိုင်လို့ရနိုင်ပါတယ်။ ဒါ့အပြင်ဆေးကုမ္ပဏီ၊ အစားအသောက်ကုမ္ပဏီ တွေမှာ nutrition advisor အဖြစ်လုပ်ကိုင်နိုင်သလို NGO အဖွဲ့အစည်းတွေမှာ လည်း Nutritionist တစ်ယောက်အနေနဲ့ လုပ်ကိုင်နိုင်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

အစားအသောက်ဆိုတာ လူတွေအမြဲစားသောက်နေရမှ အသက်ဆက်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာစွာ စားသောက်တဲ့ သူတစ်ယောက် ဖြစ်ဖို့ဆိုတာကလည်း Nutritionist လို အစာအဟာရ ပညာကို အထူးပြု လေ့လာထားတဲ့ ပညာရှင်တွေကို ပဲ အကြံပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် Nutrionist အလုပ်အနာဂတ်က လူတွေ စားသောက်နေသ၍ ဆက်လက် ရှိနေဦးမယ့် အလုပ်အကိုင်ဖြစ်လို့ အလုပ်ရဲ့ အနာဂတ်က ပြောစရာမလိုအောင် ကောင်းလှပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

nutritionist တစ်ယောက်အနေနဲ့ လူနာများအတွက် စားသောက်ရမယ့် အစားအသောက်များကို စီမံပြီး လူနာ ကျန်းမာရေးတိုးတက်ကောင်းမွန်လာမယ်ဆိုရင် လူနာရော ကိုယ်ပါ ပျော်ရွင်နေရမှာဖြစ်ပါတယ်။ nutritionist တစ်ယောက်အနေနဲ့ မှားယွင်းတဲ့ စားသောက်ပုံတွေကို ပြုပြင်ပေးပြီး အစားအသောက်ပုံစံတွေတိုးတက်ကောင်းမွန်လာတာကလည်း သူတို့စိတ်ကျေနပ်မှု ကို ဖြစ်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် လူတွေကျန်းမာရေး တိုးတက်ကောင်းမွန်အောင် စေတနာပြည့်ပြည့်၀၀နဲ့ လုပ်ပေးရပြီး ရလာတဲ့ငွေကြေးကလည်း အတန်အသင့် ရရှိတဲ့အတွက် အလုပ်လုပ်ရတာ စိတ်ကျေနပ်မှု အပြေည့်အဝရရှိမယ်လို့ ယုံကြည်ပါတယ်။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

လူနာတွေဆီက ပြန်လည်ရလာတဲ့ ပီတိတွေ၊ ကျေးဇူးတင်မှုတွေ၊ အားကိုးမှုတွေက သူတို့ကို တွန်းအားတစ်ရပ်အနေနဲ့ ဖြစ်စေမှာဖြစ်ပါတယ်။ သူတို့ဝါသနာပါတဲ့အတိုင်း လူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့ရန်အတွက် လိုအပ်တဲ့ အရည်အချင်းတွေကို ဖြည့်ဆည်းဖို့လည်းလိုအပ်တာကြောင့် သူတို့ရဲ့ nutritionist အပေါ် စိတ်အားထက်သန်မှု က သူတို့ရဲ့ တွန်းအားတစ်ခုဖြစ်နေမှာဖြစ်ပါတယ်။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ