ကလေးအထူးကုဆရာဝန် (Paediatrician)

ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ ရောဂါများကို ကုသပေးရသူ ဖြစ်ပါတယ်

ကလေးအထူးကု ဆရာဝန်တွေအနေနဲ့ ကလေးတွေနဲ့သက်ဆိုင်တဲ့ ရောဂါများ၊ ကူးစက်မှုများကို ရှာဖွေဖော်ထုတ်ရသည့်အပြင် ကလေးတွေရဲ့ သဘောသဘာဝကိုလည်း ထပ်ဆောင်း လေ့လာရသေးတာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုတင်မကဘဲ ကလေးတွေရဲ့ စိတ်အခြေအနေနဲ့ ပသက်သက်တဲ့ ထိခိုက်အနာတရဖြစ်မှုတွေ၊ နာကျင်ခံစားရမှုတွေ၊ အပြောင်းအလဲတွေကိုပါ လေ့လာ ဖော်ထုတ်ပြီး စိတ်ရှည်ရှည် ကုသပေးရတာ ဖြစ်ပါတယ်။ ကလေးတွေတင်မဟုတ်ဘဲ မိဘတွေနဲ့ပါ ကလေးနဲ့ သက်ဆိုင်တဲ့ ပြဿနာများကို ဆွေးနွေးခြင်း၊ အာဟာရနှင့် ပက်သက်သည့် အကြောင်းအရာများ အကြံပေးခြင်း၊ ကလေးနှင့် ပက်သက်ပြီး လုပ်ဆောင်သင့်သည်များကို ဆွေးနွေးအကြံပေးခြင်း စသည်တို့ကိုပါ ပြုလုပ်ပေးရပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

ကလေးအထူးကု ဆရာဝန်တစ်ယောက်ဖြစ်လာနိုင်မယ့်လမ်းကြောင်း

ကလေးအထူးကုဆရာဝန်တစ်ယောက် ဖြစ်လာဖို့အတွက် အရင်ဆုံး ဆေးပညာဆိုင်ရာ ဘွဲ့တစ်ခုခု ရရှိထားဖို့ လိုအပ်ပါတယ်။ ဘွဲ့ရရှိပြီးတဲ့ နောက်မှာတော့ ကလေးသူငယ် ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေ၊ လေ့ကျင့်မှုတွေ၊ လေ့လာမှုတွေကို ပြုလုပ်ရဦးမှာ ဖြစ်ပြီး ကလေးတွေရဲ့ သဘောသဘာဝတွေကိုပါ လေ့လာရဦးမှာပါ။ အလုပ်ဝင်တဲ့ အခါ ပထမဆုံး ဆေးရုံတွေမှာ အငယ်တန်းအဆင့် အနေနဲ့ စတင်လုပ်ကိုင်နိုင်ပြီး ကျွမ်းကျင်မှုနဲ့ အရည်အချင်းအလိုက် ရာထူးအမြင့်ကို ဖြေးဖြေးချင်း တက်လှမ်းသွားရမှာ ဖြစ်ပါတယ်။ ပိုမိုမြင့်မားတဲ့ နေရာရောက်ဖို့အတွက် အရည်အချင်းနဲ့ အတွေ့အကြုံတွေကို စစ်ဆေးတဲ့ စာမေးပွဲတွေလည်း ထပ်ဆင့်ဖြေဆိုရပါသေးတယ်။ ဒါတွေအားလုံးအောင်မြင်ပြီးမှ ပါမောက္ခစတဲ့ ရာထူးမျိုးတွေ ရရှိနိုင်တာပါ။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

မြန်မာနိုင်ငံမှာတော့ ကလေးအထူးကုဆိုင်ရာ ကျောင်းတွေဆိုရင် ဆေးကျောင်းနဲ့ တစ်ချို့ နိုင်ငံခြားနဲ့ တွဲဖက်ပြီး private ဖွင့်ထားတဲ့ ကျောင်းတွေမှာပဲ သင်ယူလေ့လာနိုင်ပါသေးတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

– ကလေးတွေကို ချစ်တတ်ပြီး ကလေးတွေရဲ့ သဘောသဘာဝကို လေ့လာလိုသူ
– စကားအပြောအဆို ချိုသာကောင်းမွန်သူ
– စိတ်သဘောထား နူးညံ့သိမ်မွေ့သူ
– စိတ်ရှည်သည်းခံတတ်သူ
– ပြဿနာကို ကောင်းမွန်စွာ ဖြေရှင်းနိုင်သူ
– ကလေးများ၏ အကျင့်စရိုက် အစုံစုံကို သိကျွမ်းနားလည်နိုင်သူ
– ကလေးသူငယ်ကျန်းမာရေးဆိုင်ရာ ဆေးပညာများကို အထူးစိတ်ပါဝင်စားသူ

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

ပညာအရည်အချင်း

ကလေးအထူးကု ဆရာဝန်တစ်ယောက် ဖြစ်ဖို့ ပညာအရည်အချင်း လိုအပ်ချက်ကတော့ ပဓာနပါပဲ။ ဆေးကျောင်းကို ဆယ်တန်းမှာ အမှတ်မြင့်မြင့်နဲ့ အောင်မြင်ပါမှ ဝင်ခွင့်ရနိုင်မှာ ဖြစ်ပြီး တက္ကသိုလ်အတွင်း စစ်ဆေးတဲ့ စာမေးပွဲတွေကလည်း အရမ်းကို ခက်ခဲပါတယ်။ ပညာရပ်မှာ ထူးချွန်ဖို့ စာတွေအများကြီး ဖတ်ဖို့ လိုသလို ကလေးသူငယ်နဲ့ သက်ဆိုင်တဲ့ လေ့လာမှုတွေလည်း အများကြီး ပြုလုပ်ရပါမယ်။ ဆေးပညာက အရမ်းရှုပ်ထွေးနက်နဲတာမို့ စိတ်ပါဝင်စားမှု အထူးရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပိုမိုမြင့်မားတဲ့ နေရာတစ်ခု တက်လှမ်းဖို့အတွက် ကလေးသူငယ်နဲ့ ပက်သက်တဲ့ ကျန်းမာရေးဆိုင်ရာ လက်မှတ်တွေ ရရှိထားဖို့လည်း လိုအပ်ပါသေးတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

အလုပ်စတင်လုပ်ကိုင်တဲ့ ဂျူနီယာလေးတွေ အနေနဲ့ အစိုးရဆေးရုံတွေမှာဆို နှစ်သိန်းဝန်းကျင်လောက်ကနေ စပြီးတော့ ပုဂ္ဂလိကဆေးရုံမှာဆိုရင်တော့ လေးသိန်းဝန်းကျင်ကနေ ပုံမှန်စတင်တတ်ကြပါတယ်။ ဂျူနီယာကနေ စီနီယာ၊ စီနီယာကနေ ကျွမ်းကျင်တဲ့အဆင့် တဖြည်းဖြည်း ရောက်လာတာနဲ့အမျှ မြင့်မားတဲ့လစာ ရရှိနိုင်မှာ ဖြစ်ပြီးတော့ အရည်အချင်း ရှိရင်ရှိသလို ရာထူးတိုးနိုင်ခွင့်တွေနဲ့ လစာမြင့်တက်လာနိုင်မယ့် အခွင့်အရေးတွေကို ရရှိနိုင်မှာပါ။ ကိုယ်ပိုင်ဆေးခန်းမျိုးဆိုရင်တော့ လူနာအနည်းအများအပေါ် မူတည်ပြီးတော့ ဝင်ငွေက ကွာခြားသွားမှာ ဖြစ်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

ကလေးအထူးကု ဆရာဝန်တွေက အစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာ လုပ်ကိုင်နိုင်ပြီး ပြင်ပဆေးခန်းတွေမှာလည်း ဝင်ရောက်လုပ်ကိုင် နိုင်ပါသေးတယ်။ ကိုယ်ပိုင်ဆေးခန်းတွေပါ ဖွင့်လှစ်နိုင်ပြီး ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေမှာလည်း လုပ်ကိုင်နိုင်ပါတယ်။ ဒါ့အပြင် ကလေးသူငယ် ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ NGO လုပ်ငန်းတွေမှာလည်း လုပ်ကိုင်နိုင်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

ကလေးအထူးကု ဆရာဝန်အနေနဲ့ ဆေးရုံဆေးခန်းတွေမှာ ပုံမှန်အားဖြင့် စတင်လုပ်ကိုင်ရတယ်ဆိုပေမယ့် ကိုယ့်ကျွမ်းကျင်မှုနဲ့ အရည်အချင်းအလိုက် ရိုးရိုးသာမန်ကနေ ပါမောက္ခအဆင့်တွေအထိ တက်လှမ်းနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားမှ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူးတွဲလုပ်ကိုင်နိုင်ခွင့်တွေ၊ နိုင်ငံခြားမှာ ပညာသင်ယူနိုင်ခွင့် ဒါမှမဟုတ် အလုပ်လုပ်ကိုင်ခွင့်တွေပါ ရရှိနိုင်တာမို့ အနာဂတ်ရဲ့ အခွင့်အရေးတွေကတော့ ကိုယ့်အပေါ်သာ မူတည်နေတာပါ။ အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေ ပိုမိုတိုးတက်လာတာနဲ့ အမျှ ကလေးသူငယ်ဆိုင်ရာ ကျန်းမာရေးဟောပြောပွဲတွေ၊ နိုင်ငံတကာ ကလေးသူငယ်ဆိုင်ရာ ပွဲတွေ မှာ ပါဝင်နိုင်ခွင့်အပြင် စင်မြင့်ထက်မှာ ဟောပြောပို့ချနေရသူတောင် ဖြစ်နိုင်ပါသေးတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

ကလေးတွေနဲ့ အနီးကပ်ပြောဆိုဆက်ဆံရတာဟာ လူတိုင်းလုပ်နိုင်တဲ့ ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။ အပြစ်ကင်းစင်တဲ့ ကလေးလေးတွေနဲ့ စကားပြောရပြီး သူတို့ရဲ့ ပြဿနာလေးတွေ ကူညီဖြေရှင်းပေးရတာ၊ ဖျားနာမှုလေးတွေ ကုသပေးရတာ၊ ကူညီပေးနိုင်တာဟာ ကလေးချစ်တတ်တဲ့ ကလေးအထူးကု ဆရာဝန်တွေအတွက်တော့ တကယ့်ကို ကြည်နူးစရာပါ။ ဆရာဝန် တော်တော်များများကလည်း ကလေးတွေနဲ့ စကားပြောရတာ စိတ်ဝင်စားဖို့ကောင်းတယ်၊ မပျင်းရဘူး၊ ပျော်ဖို့ကောင်းတယ်လို့ ဝန်ခံထားကြလေတော့ ဒီအချက်ကို ကောင်းကောင်းကြီး ထောက်ခံနေတာပါပဲ။ အနာဂတ်ကြယ်ပွင့်လေးတွေဖြစ်တဲ့ ကလေးလေးတွေကို ကိုယ့်တတ်ကျွမ်းတဲ့ ပညာရပ်နဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီကယ်တင်ပေးခွင့်ရတာဟာ ကလေးအထူးကု ဆရာဝန်တိုင်း ကျေနပ်ပျော်ရွှင်မိကြတဲ့ အချက်ပါ။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ကလေးတွေရဲ့ ရိုးသားမှုနဲ့ အပြစ်ကင်းစင်မှုတွေကတော့ ကလေးချစ်တတ်တဲ့သူတွေအတွက် တကယ့်ကို ရှောင်လွှဲမရတဲ့ ဆွဲဆောင်မှုတွေပါပဲ။ မေးခွန်းတွေ လိုက်မေးတတ်တာမျိုး၊ စိတ်ထဲရှိတဲ့အတိုင်း ပြောဆိုတတ်တာမျိုးတွေက ကလေးအထူးကုဆရာဝန်တွေကို အချစ်ပိုလာစေတဲ့ အချက်ပါပဲ။ ကလေးအထူးကုဆရာဝန်တွေအတွက် သူတို့ချစ်တဲ့ ကလေးလေးတွေကို ကူညီပေးရတာ၊ ကုသပေးရတာ၊ စကားတွေ ပြောရတာ၊ အကြံတွေပေးရတာ၊ မေးခွန်းတွေ ဖြေရတာတွေဟာ ဒီအလုပ်ကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းပြချက်တွေပါပဲ။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ