ကျောင်းအုပ် (School Principle)

ကျောင်းအုပ်ကြီးဆိုတာ ကျောင်းတစ်ကျောင်းရဲ့ အထိန်းအကွပ်ပါပဲ

 

ကျောင်းအုပ်ကြီးလာပြီဟေ့ ဆိုတာနှင့် ကျွန်တော်တို့ငယ်ငယ်က ချစ်ကြောက်ရိုသေခဲ့ရတဲ့အချိန်လေးတွေရှိခဲ့ပါတယ် ကျောင်းအုပ်ကြီးဆိုတာ နာမည်နဲ့တင် ကျောင်းသားတွေကြားမှာတော်တော်ခရီးရောက်သူပါ ..စာတော်တဲ့သူကအစ ၊ တကယ် လူမိုက်အချစ်တော်လေးတွေအဆုံး ကျောင်းအုပ်ကြီးနဲ့ကင်းသူမရှိသလောက်ပါပဲ မနက်အလံတော်အလေးပြုရင် assembly မှာ ကျောင်းအုပ်ကြီးပြောတာတွေကို နားထောင်ရတာကလည်း အရသာတစ်မျိုးပါ..တကယ်တော့ ကျောင်းအုပ်ကြီးဆိုတာ ကျောင်းရဲ့မိဘပါပဲ ကျောင်းရဲ့အကောင်း ၊ အဆိုး အားလုံးဟာ သူ့အပေါ်မှာ မူတည်နေပြီး ကိုယ့်ကျောင်းကို အကောင်းဆုံး ပေးဆပ်ချင်ကျတာကလည်း ကျောင်းအုပ်ကြီးတိုင်းရဲ့စေတနာပါ ကျောင်းအုပ်ကြီးကဘာလုပ်ရတယ်ဆိုတာ ကျွန်တော်တို့ အထွေအထူး ရှင်းပြဖို့လိုမယ်မထင် ..ဘာလို့လည်းဆိုတော့ တစ်ချိန်တုန်းကကျွန်တော်တို့ကိုယ်တိုင်က ကျောင်းအုပ်ကြီးရဲ့ သား ၊ သမီးတွေ ဖြစ်ခဲ့လိုပါပဲ…..။

ကျောင်းရှာရန်

လမ်းကြောင်း

ကျောင်းအုပ်ဆရာ တစ်ယောက်ဖြစ်လာစေနိုင်မည့် လမ်းကြောင်း

ကျောင်းအုပ်ဆိုတာ အဓိကအားဖြင့်တော့ အစိုးရကျောင်းတွေရဲ့ ကျောင်းအုပ်ကြီးတွေရယ် ၊ အပြင်ပုဂ္ဂလိက ကျောင်းတွေရဲ့ ကျောင်းအုပ်ကြီးတွေရယ်ဆိုပြီး နှစ်မျိုးကွဲပါတယ်။ ဒါပေမယ့် ဘယ်ကျောင်းအုပ်ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူဖြစ်လာတာတော့ မဟုတ်ပါဘူး။ အစိုးရကျောင်းတွေမှာဆိုရင်တော့ လုပ်သက်တွေစောင့်ရသလို ကျောင်းအုပ်ဖြစ်ဖို့ရာအတွက် B.Ed ဘွဲ့ကတော့ အနည်းဆုံးရှိထားမှဖြစ်တာပါ။ အစိုးရကျောင်းတွေမှာက လုပ်သက်လိုအပ်တာကြောင့် ကျောင်းအုပ်တစ်ယောက်ဖြစ်ဖို့ဆို ကိုယ်ဘယ်လောက်တော်တော် အချိန်တစ်ခုတော့ စောင့်ရမှာပါ။ တဆင့်ပြီး တဆင့်တက်ရင်း ပညာရပ်အသစ်တွေဆည်းပူးရင်း တရွေ့ချင်းချင်းသွားရတာမျိုးပါ။ အရင်ဆုံးတော့ ပုံမှန် ဆရာ ၊ မ ဘဝကနေ စရမှာပါ။ ကိုယ်က နေ့စားလပေး ဆရာဖြစ်လာတာလား ၊ pptt နဲ့ဖြစ်လာတာလား ၊ ပညာရေးကောလိပ်ကနေပြီးလာတာလား ၊ ပညာရေးတက္ကသိုလ်ကြီးတွေကနေ ပြီးလာတာလား စသည်ဖြင့် ကိုယ့်ရဲ့ပညာရေးအခြေအနေပေါ်မူတည်ပြီး ကိုယ်စဝင်ရတဲ့ ရာထူးကလည်းကွာပါတယ်။ ပညာရေး ကောလိပ် ၊ နေ့စားလပေး ၊ PPTT တွေကတော့ မူလတန်းကနေ ဖြည်းဖြည်းချင်းစပြီး ရာထူးတိုးလာတာမျိုးပါ။ မူလတန်းပြ ..အဲ့သည်ကနေ အလယ်တန်းပြ..ပြီးမူလတန်းကျောင်းအုပ် ..ပြီး အထက်တန်းပြ ( အဲ့အဆင့်မှာ B.Ed ဘွဲ့ရဖို့ မဖြစ်မနေလိုအပ် ) .ပြီး အလယ်တန်းကျောင်းအုပ်စသည်ဖြင့် တစ်ဆင့်ချင်းသွားရတာမျိုးပါ။ ပညာရေးတက္ကသိုလ်မှာ ငါးနှစ်တာလေ့လာခဲ့တဲ့ သူတွေကတော့ ပြီးပြီးချင်း B.Ed ဘွဲ့ရသလို အထက်တန်းပြကနေ စပြီး တာဝန်ကျပါတယ်။ ငါးနှစ်တာကာလအတွင်းမှာ ပညာရေးဘာသာရပ်တွေကို အဓိကထားလေ့လာခဲ့တဲ့အပြင် ငယ်ရွယ်တဲ့အချိန်လည်းဖြစ်တဲ့အတွက်ကြောင့် တကယ်ကြိုးစားရုန်းကန်းတဲ့ ပညာရေးတက္ကသိုလ်ဆင်းတွေဟာ အသက် ၃၀ မကျော်ခင်မှာပဲ အလယ်တန်းကျောင်းအုပ် ၊ အထက်တန်းကျောင်းအုပ်စသည်ဖြင့် တာဝန်အကြီးတွေ ယူနေရပါပြီ။ ပုဂ္ဂလိကျောင်းတွေမှာ ကျောင်းအုပ်လုပ်ဖို့ဆိုတာကလည်း B.Ed ဘွဲ့ရှိထားတာကတော့ အကောင်းဆုံးပါ။ ကျောင်းအုပ်လုပ်မယ့်သူက ပညာရေးအကြောင်း မလေ့လာဖူးရင် နည်းနည်းတော့ ထူးဆန်းပါလိမ့်မယ်။ B.Ed ဘွဲ့မရှိလည်း လုပ်လို့တော့ရပါတယ်။ သက်ဆိုင်ရာ ဘာသာရပ်တွေမှာ Ph.D ရထားတာမျိုး ၊ နိုင်ငံခြားတက္ကသိုလ်တွေကနေ ပညာရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေလေ့လာခဲ့တာမျိုးနဲ့လည်း ကျောင်းအုပ်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်တိုင်ကျောင်းထောင်ပြီးတော့ ကိုယ်တိုင်ကျောင်းအုပ်လုပ်တာမျိုးပါ။ စာသင်အတွေ့အကြုံအများကြီးနဲ့ ဆရာကြီး ဆရာမကြီးတွေကိုယ်တိုင်လည်း ကိုယ်ပိုင်ကျောင်းထောင်ပြီး ကျောင်းအုပ်ဖြစ်ကျပါတယ်။ အဲ့တော့ ကျောင်းအုပ်ဖြစ်ဖို့ နည်းလမ်းတွေကတော့ ဒီနိုင်ငံမှာ အများဆုံးပါပဲ။ ဒါပေမယ့် ကိုယ်ဟာပညာရေးကို တကယ်စိတ်ဝင်စားပြီး ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို တတ်နိုင်သလောက် လုပ်ဆောင်ပေးခဲ့ချင်တယ်ဆိုရင်တော့ ပညာရေးအကြောင်းကို လေ့လာပြီးမှပဲ ၊ ပညာရေးကို တကယ်စိတ်ဝင်စားမှပဲ ပညာရေးလောကထဲကို ဝင်ခဲ့ဖို့ တိုက်တွန်းချင်ပါတယ်။ အလုပ်မရှိလို့ ရှိတာဝင်လုပ်တယ်ဆိုတာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ တကယ်ဝါသနာပါတယ်ဆိုရင်တော့ ပညာရေးလောကကို ဝင်ရောက်စရာနည်းလမ်းတွေက အထက်မှာပြောခဲ့သလို အများကြီးရှိတာမလို့ အကောင်းဆုံး ကြိုးစားပြီး ဝင်လာခဲ့ဖို့ တိုက်တွန်းပါရစေ။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

မြန်မာနိုင်င်္ငမှာ ပညာရေးဆိုင်ရာဘွဲ့တွေ ၊ ဒီပလိုမာတွေ ပေးတာကတော့ အဓိကအားဖြင့် ပညာရေးတက္ကသိုလ်နှစ်ခု ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်တစ်ခုနှင့်် ပညာရေးကောလိပ် ဆယ်ခုကျော်ရှိပါတယ်။ ပညာရေးကောလိပ်တွေအနေနှင့် ပညာရေးဆိုင်ရာ ဒီပလိုမာတစ်ခုပေးအပ်ပြီး နှစ်နှစ်တာ ဆရာဖြစ်သင်တန်းတက်ရပါတယ်။ မူလတန်းကျောင်းသားများအတွက် ရည်ရွယ်တာဖြစ်တဲ့အတွက် အနုပညာ ၊ စိုက်ပျိုးရေး ၊ ရသ စသည်ဖြင့် ဘာသာရပ်များစွာကို သင်ယူလေ့လာရပါတယ်။ ပညာရေးတက္ကသိုလ်နှစ်ခုနှင့် တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်တွေကတော့ B.Ed ( Bachelor of Education) ဘွဲ့ကို ပေးအပ်ပြီး ငါးနှစ်တာ သင်ယူရပါတယ်။ ပညာရေးဆိုင်ရာဘာသာရပ်ကြီး သုံးခုနှင့် သက်ဆိုင်ရာ academic subjects များ ၊ ကျောင်းပြင်ပ သင်ခန်းစားများ ( school health, music class, language class, dance class) အပြင် နိုင်ငံတကာနှင့်ချိတ်ဆက်ထားတဲ့ training course များ ၊ သက်ဆိုင်ရာ ပညာရေးပါမောက္ခများ ၊ နိုင်ငံတကာပညာရေးပညာရှင်များ အပြင် ၊ ပြပွဲပြိုင်ပွဲ များစွာရှိတာမလို့ တကယ်အရည်အချင်းပြည့်ဝတဲ့ ဆရာများစွာကို မွေးထုတ်ပေးနိုင်ပါတယ်။ အဲ့ဒါအပြင် အရည်အချင်းပြည့်မှီပါက M.Ed, Ph.D များလည်း ဆက်လက်လေ့လာနိုင်မှာပါ။ အခုအခြေအေနေမှာတော့ပညာရေးကျောင်းတွေ ၊ တက္ကသိုလ်တွေမတက်လည်း ဆရာဖြစ်နိုင်ပါသေးတယ်။ ဝိဇ္ဖာ ၊ သိပ္ပံတက္ကသိုလ်များမှာ သက်ဆိုင်ရာ ဘွဲ့ဒီဂရီ တစ်ခုရပါက နေ့စားလပေးအဖြစ်လျှောက်ထားလို့ရပါတယ်။ ဒါမှမဟုတ် PPTT လျှောက်လို့လည်းရပါတယ်။ ကျွန်တော်တို့ အကြံပေးချင်တာကတော့ ကိုယ်သာ တကယ်ပညာရေးလောကကို စိတ်ဝင်စားတယ်ဆိုရင် ဆယ်တန်းပြီးကတည်း သက်ဆိုင်ရာ ပညာရေးကျောင်းတွေကို တက်ရောက်သင့်ပါတယ်။ တက္ကသိုလ်တွေရဲ့ သတ်မှတ်ချက်ပြည့်မှီအောင်လည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ မိန်ကလေးတွေဆိုရင် ပညာရေးကျောင်းများဟာ တော်တော်လေး အမှတ်မြင့်ပါတယ်။ (၄၈၀) ကျော်ကျော်ရမှပဲ တက်ရောက်ခွင့်ရပါလိမ့်မယ်။ ယောကျာ်းလေးတွေကတော့ (၄၅၀) ကျော်ရမှပဲ တက်ရောက်ခွင့်ရပါလိမ့်မယ်။ ပညာရေးကောလိပ်များဟာလည်း အနည်းဆုံးတော့ (၄၀၀) ကျော်ရပါလိမ့်မယ်။ အစိုးရကျောင်းတွေမှာ ကျောင်းအုပ်ဖြစ်ချင်တယ်ဆိုရင်တော့ အဲ့ကျောင်းတွေကို မဖြစ်မနေ တက်ရပါလိမ့်မယ်။ ကိုယ့်ဘာသာကျောင်းထောင်ပြီး ကျောင်းအုပ်လုပ်မယ်ဆိုရင်လည်း သက်ဆိုင်ရာ နယ်ပယ်မှာ ထူးချွန်ဖို့လိုပါတယ်။ ဘယ်ကျောင်းတက်ရမယ်လို့တော့ အသေအချာမရှိဘူး။ အခုနောက်ပိုင်းမှာဆိုရင် ပညာရေးနဲ့ပတ်သတ်တဲ့ နိုင်ငံတကာ ပညာသင်ဆုတွေလည်း ပေးနေတာမလို့ ကိုယ်သာ ထူးချွန်မယ်ဆိုရင် ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

ကျောင်းအုပ်ဆိုတာ ဆရာပါပဲ ..ဒါပေမယ့်စာပဲသင်ရတဲ့ဆရာတော့မဟုတ်ပါဘူး။ ကျောင်းတစ်ကျောင်းကို စီမံခန့်ခွဲရပြီး ကလေးတွေကိုရော ၊ လက်အောက်ဆရာတွေရော ၊ ကျေးရွာလူထုကိုရော သေချာကိုင်တွယ်ရတာမျိုးပါ။ ကလေးကလား ပြဿနာလေးကအစ ပြဿနာအကြီးကြီးတွေအထိ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုပါတယ်။ အဓိကကတော့ educational leadership and management ကို အဓိက စိတ်ဝင်စားဖို့လိုပါတယ်။ အစိုးရဝန်ထမ်းလုပ်နေသူတွေဟာ တစ်ခြားသူတွေအထက် နိုင်ငံတော်ကို ပိုချစ်မြတ်နိုးရပါတယ်။ ပိုတန်ဖိုးထားရပါတယ်။ ပိုပြီးတော့လည်း ကျေးဇူးသိတတ်ရပါလိမ့်မယ်။ အဲ့ထဲမှာမှ ဆရာ ၊ ဆရာမ လုပ်မယ့်သူတွေဟာ နိုင်ငံတော်ကို အချစ်တတ်ဆုံး ဖြစ်နေဖို့ အများကြီးလိုပါတယ်။ ဆရာ ၊ ဆရာမတွေကိ နိုင်ငံချစ်စိတ်မရှိတော့ရင် နောင်ကလေးတွေ နိုင်ငံချစ်ဖို့ဆိုတာ တော်တော်ကို ခက်သွားပါပြီး။ ပြဿနာတိုင်းရဲ့ အဖြေက ပညာရေးဖြစ်တာမလို့ ပညာရေးဝန်ထမ်းတွေဟာ အတော်ဆုံး ၊ အကောင်းဆုံးဖြစ်နေဖို့လိုပါတယ်။ ကျောင်းအုပ်တွေက ပိုပြီးအရေးကြီးပါတယ်။ ကျောင်းအုပ်တစ်ယော်ကဟာ အရာရာကိ ုခေတ်နဲ့အညီမြင်နိုင်ရပြီး ပြောင်းလဲမှုတိုင်းကို ( အထူးသဖြင့် ပညာရေးပြောင်းလဲမှုတိုင်းကို) မျက်ခြေပြတ်လို့မရပါဘူး။ ကျောင်းအုပ်မှတစ်ဆင့် သူ့ကျောင်းမှာရှိတဲ့ ဆရာ ၊ ဆရာမ တွေကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်လို့ရပါတယ်။ ကိုယ့်ကျောင်းကို အကောင်းဆုံးဖြစ်အောင် လုပ်လို့ရပါတယ်။ အတော်ဆုံး ၊ စည်းကမ်းအရှိဆုံး တပည့်တွေ မွေးထုတ်ပေးလို့ရပါတယ်။ ကျောင်းအုပ်လုပ်မယ့်သူဟာ မကောင်းတာတော်တော်များများကို မလုပ်ဖို့လိုပါတယ်။ အရက်ကလေးသောက်လိုက် ၊ မိန်းမပွေလိုက်နှင့် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဖြစ်ရင်လည်း တိုင်းပြည်ပျက်ဖို့ပဲ ကျန်ပါတော့တယ်။ ဆရာ ၊ ဆရာမတွေဟာ ထိန်းချုပ်ရတယ်များတယ်ဆို ကျောင်းအုပ်လုပ်မယ့်သူဟာ ပိုပြီး များမှာပါ။ ကလေးတွေရဲ့ စံပြ ၊ ဆရာ၊ ဆရာမတွေရဲ့ စံပြ ၊ ရပ်ရွာလူထုရဲ့စံပြတစ်ယောက်ဖြစ်နေဖို့လိုပါတယ်။ တကယ်ကို မလွယ်ကူတဲ့အရာပါ။ အပြောအဆို ၊ အနေအထိုင် ၊ လုပ်ကိုင်ဆောင်ရွက်ပုံအားလုံးကို သေချာ ထိန်းချုပ်လုပ်ကိုင်နိုင်ပြီး ခေါင်းဆောင်ကောင်းအမူအရာတွေ ပြနိုင်ဖို့လိုပါတယ်။ ချုပ်လိုက်မယ်ဆိုရင်တော့ နိုင်ငံချစ်စိတ် ၊ ပညာရေးအပေါ်မြတ်နိုးတဲကစိတ်ကသာ အရေးကြီးဆုံး လိုအပ်မှာဖြစ်ပါတယ်။

ပညာအရည်အချင်း

ကျောင်းအုပ်တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ပညာအရည်အချင်းနဲ့ အတွေ့အကြုံဟာ အရေးအကြီးဆုံးပါပဲ။ အနည်းဆုံးကတော့ သက်ဆိုင်ရာဘာသာရပ်မှာ Master degrees လောက်ရထားဖို့လိုပါမယ်။ ဒါမှမဟုတ် B.Ed ရထားဖို့လိုပါမယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

နိုင်ငံတကာပညာသင်ဆုတွေနှင့် နိုင်ငံတကာမှာပညာသင်ခွင့်ရမယ်ဆိုရင်တော့ ကျောင်းလခလည်းမကုန်တဲ့အပြင် ကိုယ်ပိုင်ဝင်ငွေတစ်ခုတောင်ရှိနိုင်ပါတယ်။ ဘွဲ့ကြို ဘွဲ့လွန် ပေးထားတာတွေ အများကြီးရှိထားတာမလို့ ကိုယ့်ဘက်ကကြိုးစားဖို့သာလိုတာပါ။ အဲ့လိုမဟုတ်ဘူးဆိုရင်လည်း ခုနပြောခဲ့တဲ့ ပြည်တွင်းက တက္ကသိုလ်တွေ ကောလိပ်တွေမှာလည်း တက်ရောပညာသင်ယူလို့ရပါတယ်။ ပညာရေးကျောင်းသားတွေကို နိုင်ငံတော်က ထောက်ပံ့ကြေးအချို့လည်းပေးထားပါသေးတယ်။ အဆောင်စရိတ် ၊ စားစရိတ်ပေးစရာမလိုတဲ့အတွက်လည်း အကုန်အကျတော်တော်သက်သာမှာပါ ( အဆောင်ထမင်း ၊ အဆောင်ဟင်းကတော့ နိုင်ငံတော်ကအကုန်ထောက်ပံ့ထားတာမလို့ အရမ်းကြီးလည်း မကောင်းသလို အရမ်းကြီးလည်း မဆိုးပါဘူး ) တကယ်ချွေတာတဲ့ ကျောင်းသားတွေဆို ဘာမှကို ကုန်စရာမရှိတာပါ။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

ကျောင်းဆရာ ၊ မ ဆိုတာ နေတတ်ရင် အရမ်းကုသိုလ်ရပြီး ပျော်စရာလည်းကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့စီးပွားရေးအခြေအနေအရတော့ လစာအရမ်းကြီးကောင်းတဲ့ထဲမပါပါဘူး။ ( ကျူရှင်သင်တာ ဘာညာဆိုတာက ရန်ကုန်မြို့နှင့် တချို့နယ်မြို့တွေမှာသာ ကောင်းကောင်းရကျပေမယ့် တကယ့်အများစုနယ်က ဆရာ ၊ ဆရာမလေးတွေကတော့ တကယ့် စေတနာထားပြီး မဖြစ်စလောက်ပိုက်ဆံလေးနဲ့သာ ကလေးတွေအတွက် သင်ကြားပေးတာများပါတယ်။ အခုနောက်ပိုင်း ဆရာ ၊ ဆရာမတစ်ချို့ရဲ့ ကျင့်ဝတ်ပျက်မှုကြောင့် တခြားတကယ်ဖြူစင်ရိုးသားပြီး နယ်ဘက်တွေမှာ သင်နေကျတဲ့ ဆရာမအများဆုံးမှာ နာကျင်စွာအြပောခံနေရရှာပါတယ်) ကျွန်တော်တို့စဉ်းစားကြည့်ရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို တကယ်စေတနာထားတဲ့ ဆရာ ၊ ဆရာမတွေက အများစုပါ။ ကျွန်တော်တို့ကိုယ်တိုင်လည်း နယ်ဘက်ကနေ တကယ်စေတနာထားတဲ့ဆရာ ၊ ဆရာမတွေရဲ့ စေတနာထားပြီး သင်ကြားပေးခဲ့ကျလို့သာ ဒီအချိန်ထိရောက်လာတာပါ။ လစာကတော့ ကိုယ့်ရာထူးအလိုက် ၃ သောင်း ၄ သောင်းလောက် ကွာသွားပါတယ်။ အထက်တန်းကျောင်းအုပ်တွေကတော့ သုံးသိန်းဝန်းကျင်ရကျပါတယ်။ ဒါပေမယ့် အစိုးရဝန်ထမ်းဆိုတာ လစာထက် စေတနာသာအဓိကထားရတာပါ။ စေတနာသာရောင်ပြန်ဟပ်ရတာပါ။ တပြားမရှိပေမယ့် တပည့်မရှားတာ ဆရာ ၊ ဆရာမတွေရဲ့ ဘဝပါ ( အများစုအတွက်ပြောတာပါ) အသက်ကြီးလို့ ပင်စင်ယူတဲ့အခါမှာလည်း ပင်စင်တစ်ခုတော့ ရဖို့ရှိပါတယ်။ အစိုးရဝန်ထမ်းတွေရဲ့ ပင်စင်ဆိုတာကလည်း တခြားအပြင်စီးပွားရေးသမားတွေအတွက်တော့ တကယ်ရယ်စရာသာသာပါ။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

ကိုယ့်မှာသာ ပညာရေးဆိုင်ရာ ဘွဲ့တစ်ခုရထားမယ်ဆိုရင်တော့ အလုပ်ရွေးချယ်စရာတွေအများကြီးရှိပါတယ်။ အနည်းဆုံး B.Ed ဘွဲ့ရှိထားတယ်ဆိုရင်တောင် အစိုးရကျောင်းမှာ ဆရာဝင်လုပ်မလား ၊ ဒါမှမဟုတ် အပြင်မှာပဲ စာလိုက်ပြမလား ဒါမှမဟုတ် အပြင် private school တွေမှာ လိုက်သင်အုန်းမလား ဒါမှမဟုတ် ပညာရေးနဲ့ဆိုင်တဲ့ NGO တွေမှာ လုပ်မလား စသည်ဖြင့် အများကြီး ရွေးလို့ရပါတယ်။ M.Ed ပါ ပြီးပြီဆိုပါက တက္ကသိုလ်မှာ ဆရာပြန်လုပ်ရင်း ရာထူအဆင့်ဆင့်တက်သွားမလား ၊ ပညာရေးကောလိပ်တွေမှာ စာသင်မလား စသည်ဖြင့် ရွေးချယ်စရာတွေ ထပ်တိုးလာပါလိမ့်မယ်။ ပညာရေးပြောင်းလဲမှုတွေနှင့်အတူ ပညာာရေးကျွမ်းကျင်ပညာရှင်တွေအများကြီးကိုလည်း လိုအပ်နေတာမလို့ အလုပ်မရှိမှာကတော့ စိုးရိမ်စရာမလိုပါဘူး။ စာမသင်ချင်ရင်လည်း ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေမှာလည်း ဝင်ရောက်လုပ်ကိုင်လို့ရပါသေးတယ်။ ကျောင်းအုပ်တွေလိုမျိုး ၊ ပညာရေးမှူးတွေလိုမျိုး ၊ စစ်ဆေးရေးလုပ်တာမျိုး စသည်ဖြင့် ပညာရေးဘွဲ့တစ်ခုရှိတာနှင့်် လုပ်စရာတွေအများကြီး ရှိပါတယ်။ မိမိသာတကယ်စိတ်ပါမယ်ဆိုရင် ပညာရေးတက္ကသိုလ်ရဲ့ ငါးနှစ်ဟာ တကယ်အဖိုးတန်တဲ့အချိန်ကာလပါ။ ပညာရေးဆိုင်ရာ ဘာသာရပ်တွေဖြစ်တဲ့ ပညာရေးစိတ်ပညာလိုမျိုး ၊ ပညာရေးသဘောတရားလိုမျိုး ၊ ပညာရေးသင်ပြနည်းလိုမျိုးတွေဟာ ပညာရေးလောကအတွက်သာမကဘဲ မိမိကိုယ်တိုင်လည်း တွေးတတ်ခေါ်တတ်လာစပေါတယ်။

အလုပ်ရဲ့ အနာဂတ်

နည်းပညာတိုးတက်လာတာနှင့်အမျှ ပညာရေးလိုအပ်ချက်တွေဟာလည်း ပြောင်းလဲလာပါတယ်။ သင်ကြားနည်းတွေ ၊ ကလေးတွေရဲ့လိုအပ်ချက်တွေကလည်း အချိန်နှင့်အမျှပြောင်းလဲနေတာမလို့ ပညာရေးဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ရပ်တန့်လို့မရတဲ့ဖြစ်စဉ်တစ်ခုပါ။ သင်ရိုးတစ်ခုဆွဲပြီး တစ်သက်လုံးသုံးနေလို့ရတာမျိုးမဟုတ်တဲ့အပြင် လူသားမျိုးနွယ်တွေဟာလည်း ပညာသင်ယူတာရပ်တန့်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် online classroom တွေလိုမျိုး ၊ e-learning လိုမျိုး လူလူချင်းတွေ့စရာမလိုဘဲသင်ယူလို့ရတဲ့ နည်းလမ်းတွေ နည်းပညာတွေထပ်ပေါ်ပေါက်လာအုန်းမှာပါ။ ဒါပေမယ့် ကျောင်းနေတယ်ဆိုတာ ပညာသင်ယူဖို့တစ်ခုတည်းမဟုတ်တဲ့အတွက် ကျောင်းတွေဆိုတာကတော့ ပျောက်ကွယ်သွားမှာမဟတုတ်ပါဘူး။ ဆရာ ၊ ဆရာမတွေ ၊ ကျောင်းအုပ်တွေဆိုတာကလည်း ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပြိုင်ဆိုင်မှုပြင်းထန်လာမှုနှင့်အတူ ကျောင်းသားတွေအနေနဲ့လည်း ရွေးချယ်စရာတွေ များလာပြီ။

အလုပ်အပေါ် စိတ်ကျေနပ်မှု

တပည့်တွေမျက်နှာကြည့်ပီး ပျော်နေတတ်ရင်တော့ စိတ်မကျေနပ်စရာဘာမှမရှိပါဘူး။ ဝမ်းမနာသားသမီးပေါင်းများစွာနဲ့ ပျော်စရာကောင်းလွန်းလှပါတယ်။ ကျောင်းဆရာ ၊ ဆရာမ ဖြစ်ရင် ဘယ်လိုခံစားရတယ်ဆိုတာကို ကျောင်းဆရာ ၊ ဆရာမ မလုပ်ဖူးဘဲနှင့် ဘယ်လိုမှ သိနိုင်မှာမဟုတ်ပါဘူး။ ပီတိဆိုတဲ့အရာက ရှင်းပြဖို့ အတော်ခက်ပါတယ်။ ဒါပေမယ့် စီးပွားရေးဆိုင်ရာ ၊ ဘဝနေထိုင်မှုဆိုင်ရာတွေကတော့ နည်းနည်းနိမ့်ကျနိုင်ပါတယ်။ တောရွာမှာ နေရဖို့များသလို အစားအသောက်ကောင်းမယ် မကောင်းဘူးဆိုတာကလည်း မသေချာပါဘူး။ အပြင်ကျောင်းတွေ ၊ ပုဂ္ဂလိကျောင်းတွေမှာဆိုရင်တော့ လစာကောင်းပြီး နေရထိုင်ရလည်း အဆင်ပြေစေမှာပါ။ ဒါပေမယ့် နယ်ဘက်မှာ ကျတဲ့ ဆရာ ၊ ဆရာမတွေလောက်တော့ စိတ်ချမ်းသာပျော်ရွှင်ရဖို့ဆိုတာ မလွယ်ပါဘူး။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ပညာရေးလောကထဲကို ဝင်ခဲ့ဝင်ခဲ့ ကလေးတွေနဲ့တွေ့တဲ့အခါမှာတော့ ကျေနပ်သွားတာများပါတယ်။ အစိုးရဝန်ထမ်းဆရာပဲဖြစ်ဖြစ် ၊ ပုဂ္ဂလိကကျောင်းက ဆရာပဲဖြစ်ဖြစ် ဘယ်လိုဆရာမဆို တပည့်တွေအောင်မြင်သွားရင် ပျော်ရွှင်ကျတာများပါတယ်။ အဲ့သည်ပျော်ရွှင်မှုကပဲ သူတို့ကို ရှေ့ဆက်လျှောက်နိုင်အောင် တွန်းအားပေးနိုင်တာပါ။ ကျောင်းအုပ်တစ်ယောက်ဖြစ်ရင် ပိုတောင်စွဲလမ်းရပါသေးတယ်။ ကိုယ့်ကျောင်းလေး အောင်မြင်လာတာ ၊ ကိုယ့်ကျောင်းကထွက်တဲ့ကလေးတွေ အောင်မြင်နေကျတာ ၊ ကိုယ့်ကျောင်းက ဆရာ ၊ ဆရာမလေးတွ အောင်မြင်လာကြတာ နောက်ဆုံး ကိုယ့်ရဲ့ခေါင်းဆောင်မှုကြောင့် အဲ့သည်ဒေသလေးပြောင်းလဲတိုးတက်လာတာကို ကြည့်ရတဲ့ ပီတိက ဘာနဲ့မှလဲလို့မရပါဘူး။ မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမှာပဲ ကိုယ်မွေးဖွားခဲ့ မွေးဖွားခဲ့ ကိုယ်တာဝန်ကျတဲ့ရွာ ကိုယ့်ရွာလိုသဘောထားပြီး တတ်စွမ်းသလောက် လုပ်နေကျတဲ့ ဆရာတွေဆိုတာလည်း မြန်မာတစ်နိုင်ငံလုံးမှာ ဒုနဲ့ဒေးပါပဲ။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ