အဆိုတော် (Singer)

သီချင်းတွေကို သံစဉ်အလိုက် သာယာလှပအောင် သီဆိုသူတွေ ဖြစ်ပါတယ်

အဆိုတော်တွေမှာ သူတို့ရဲ့ သူတို့သီဆိုတဲ့ ပုံစံအလိုက် ဒါမှမဟုတ် အသံနေ အသံထားအလိုက် အမျိုးအစား အများကြီး ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆိုတော်တွေက သီချင်းလေးတစ်ခုတည်း သီဆိုနေရတာ မဟုတ်ပါဘူး အဆိုပညာရပ်နဲ့ သက်ဆိုင်တဲ့ သင်ယူလေ့လာမှုတွေ အများကြီး ပြုလုပ်ရသလို ပြင်းထန်တဲ့ လေ့ကျင့်မှုတွေလည်း အကြိမ်ကြိမ် လုပ်ရပါတယ်။ နေရာတစ်ခုမှာ အခြေတကျ ရပ်တည်နိုင်ဖို့အတွက် ရှိသမျှ အကုန်ပုံအောပြီး ကြိုးစားရတာပါ။ အဆိုတော်တစ်ယောက်အနေနဲ့ သီချင်းဆိုတာ တစ်ခုတင်မက Performance ပြုလုပ်ပုံတွေ၊ သီချင်းနဲ့ လိုက်ဖက်အောင် ကရမယ့် ပုံစံတွေ အမျိုးမျိုးကို သင်ယူရပါတယ်။ ဒါ့အပြင် recording တွေလည်း အကြိမ်ကြိမ် သွင်းရသလို စင်ပေါ်လေ့ကျင့်မှုတွေလည်း အများကြီး ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဥပမာ ဆိုရရင် အခုလက်ရှိခေတ်စားနေတဲ့ Kpop အဆိုတော်တွေကို ကြည့်လိုက်ရင် အဆိုတော်တစ်ယောက်ရဲ့ တာဝန်ဘယ်လောက်ကြီးကြောင်းနဲ့ ဘယ်လောက်ထိ ခက်ခက်ခဲခဲ ကြိုးစားရသလဲဆိုတာ မြင်နိုင်ပါတယ်။ တစ်နည်းဆိုရရင် အဆိုတော်တွေက နှလုံးသားတစ်ခုလုံး ပုံအပ်ပြီး သူတို့မှာ ရှိသမျှ အသံတွေနဲ့ လောကကြီးကို တစ်နည်းတစ်ဖုံ အလှဆင်ကြသူတွေပါပဲ။

ကျောင်းရှာရန်

လမ်းကြောင်း

အဆိုတော်တစ်ယောက် ဖြစ်လာနိုင်မည့် လမ်းကြောင်း

အဆိုတော်တစ်ယောက် ဖြစ်လာဖို့ဆိုတာ တကယ်ကို မလွယ်ကူလှပါဘူး။ ရင်ဆိုင် ဖြတ်ကျော်ရမယ့် အရာတွေ များသလို လေ့ကျင့်သင်ယူမှုတွေလည်း အများကြီး လိုပါတယ်။
– အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ လိုအပ်ပါတယ်။ ယုံကြည်မှု အပြည့်အဝရှိမှ ကိုယ့်အနုပညာ၊ ကိုယ့်အရည်အချင်းကို အများရှေ့ အပြည့်အဝ ချပြနိုင်မှာပါ။
– ပြီးတော့ လေ့ကျင့်သင်ယူမှု အမြောက်အများ လိုအပ်ပါတယ်။ တစ်ချို့လူတွေက အသံအရမ်းကောင်းမှ၊ notes အမြင့်ကြီးတွေ ဆိုနိုင်မှ အဆိုတော်ဖြစ်နိုင်မယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းတော့ အဲလိုမဟုတ်ပါဘူး။ လူတိုင်းမှာ မတူကွဲပြားတဲ့ အသံတွေ ရှိကြပါတယ်။ ကိုယ့်အသံနေ အသံထားအလိုက် လေ့ကျင့်မှု သေချာ လုပ်ပေးဖို့ပဲ လိုတာပါ။ Vocal coach နဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ့်ဘာသာ လေ့လာပြီးတော့ပဲ ဖြစ်ဖြစ် တတ်နိုင်သမျှ အသံနေ အသံထား ကောင်းမွန်လာအောင်၊ သီချင်း ဆိုတတ်လာအောင်၊ သံစဉ်တွေ အကြောင်း နားလည်လာအောင်၊ အသံ ဘယ်လိုထိန်းရလဲ ဆိုတာတွေအထိ သေချာ အချိန်ပေး လေ့လာသင်ယူပြီး ကိုယ့်ဘက်ကနေလည်း များနိုင်သမျှ များများ သီချင်းဆို လေ့ကျင့်ပေးဖို့ လိုပါတယ်။
– နောက်တစ်ဆင့်ကတော့ အချိတ်အဆက်နဲ့ အခွင့်အရေး ရှာဖို့ပါပဲ။ နေရာတစ်ခုကို ခြေလှမ်းဝင်ရောက်ဖို့အတွက် ကူညီဖေးမ လမ်းကြောင်းပြပေးမယ့် သူတွေ လိုအပ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဂီတအကြောင်း နားလည်တဲ့သူ၊ သီချင်းပိုင်းနဲ့ ပက်သက်ပြီး ဆွေးနွေးအကြံပြုနိုင်တဲ့သူ အဲဒီနယ်ပယ်ဘက်မှာ ကျွမ်းကျင်တဲ့သူတွေနဲ့ ရင်းနှီးခင်မင်နိုင်ရင်တော့ အတိုင်းထက် အလွန်ပါပဲ။ သူတို့ဆီကနေ အကူအညီ အများကြီး ရနိုင်မှာပါ။ နောက်တစ်ခုကတော့ တက်လှမ်းနိုင်မယ့် အခွင့်အရေးပါပဲ။ ပြိုင်ပွဲတွေ ဝင်ပြိုင်ပြီးတော့ပဲ ဖြစ်ဖြစ် အဆိုလောကမှာ နေရာတစ်နေရာ ခြေချနိုင်အောင ်တတ်စွမ်းသမျှ နည်းလမ်းတွေနဲ့ ကြိုးစားရမှာပါ။
– နောက်ဆုံးအနေနဲ့ ကျရှုံးမှုနဲ့ ငြင်းပယ်မှုတွေ အတွက် အသင့်ဖြစ်နေဖို့လည်း လိုပါတယ်။ ကြိုးစားတိုင်း မအောင်မြင်နိုင်ပါဘူး ပြိုင်ပွဲဝင်ပြိုင်တဲ့အခါပဲ ဖြစ်ဖြစ်၊ လေ့ကျင့်တဲ့ အခါပဲ ဖြစ်ဖြစ် ကျရှုံးမှုတွေ အများကြီး ကြုံရမှာပါ။ အဆင်မပြေတာတွေလည်း မရေမတွက်နိုင်အောင် ရှိလာပါလိမ့်မယ်။ ပြီးတော့ ပြိုင်ပွဲကနေ အငြင်းခံရတာတွေ အဲလိုမျိုးလည်း ရှိလာနိုင်ပါတယ်။ လူတွေကလည်း လက်ညိုးထိုးပြီး ဝိုင်းလှောင်ရင် လှောင်ကြမှာပါ။ အဲဒါတွေ အားလုံးအတွက် စိတ်ဓာတ်ကို အသင့်ပြင်ဆင်ပြီး ရင်ဆိုင်သွားနိုင်မှ ရပါမယ်။ ဒီလိုမှပဲ ကျရှုံးလည်း ပြန်ထ၊ အငြင်းခံရလည်း ပြန်ကြိုးစားရင်း နေရာတစ်ခုကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

အဆိုပညာနဲ့ ပက်သက်တဲ့ ကျောင်းတွေလည်း မြန်မာနိုင်ငံမှာ အများအပြား ရှိနေပါပြီ။ ဒါပေမယ့် ကိုယ့်အတွက် သင့်တော်ပြည့်စုံမယ့် ကျောင်းမျိုး ရွေးချယ်နိုင်ဖို့အတွက် ကျောင်းကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာပြီး တာဝန်ရှိသူတွေနဲ့ စကားပြောဆိုကြည့်ရင် ပိုအဆင်ပြေပါတယ်။ သူတို့ဘက်က ဘယ်လို အဆိုသင်တန်းမျိုး ပို့ချနေတာလဲ၊ ဘယ်လိုနည်းစနစ်မျိုး သုံးသလဲ၊ ဆရာတွေရဲ့ အရည်အချင်း ပြည့်ဝမှုကရော ဘယ်လိုလဲ၊ သင်တန်းစရိတ်အပြင် တခြား အထွေထွေ ကုန်ကျနိုင့်မယ့် အရာတွေကအစ သင်တန်းပြီးလို့ အဆိုလောကထဲ သူတို့ဘယ်လို မြေတောင်ြမှောက်ပေးလဲ ဆိုတာအထိ လေ့လာ မေးမြန်းဖို့ လိုပါတယ်။ ဒါမှပဲ ကိုယ်နဲ့ သေချာကိုက်ညီမှု ရှိလား၊ ကိုယ့်အတွက် သင့်တော်တဲ့ ကျောင်းမျိုးဟုတ်ရဲ့လား သိနိုင်မှာပါ။ သူတို့ကျောင်းကနေ အောင်မြင်သွားတဲ့ ကျောင်းသားတွေကိုလည်း ဖြစ်နိုင်ရင် စုံစမ်းကြည့်သင့်ပါတယ်။ ဒါဆိုရင် ကျောင်းရဲ့ အောင်မြင်မှုနှုန်းကို တော်တော်လေး တိုင်းတာနိုင်ပါလိမ့်မယ်။ ဥပမာအနေနဲ့ ရန်ကုန်မှာတော့ MEBC Music School, M K Music School အဲလိုကျောင်းမျိုးတွေက ဂုဏ်သတင်းကောင်းမွန်ပြီး လေ့ကျင့်သင်ကြားမှုတွေ နည်းစနစ်ကျတဲ့အပြင် အရည်အချင်းရှိတဲ့ အဆိုပညာရှင်တွေကို မွေးထုတ်ပေးနေတဲ့ ကျောင်းတွေ ဖြစ်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

အဓိက အကျဆုံး အချက်ကတော့ အားလုံးသိကြသလိုပဲ အဆိုပညာမှာ ဝါသနာပါဖို့နဲ့ သီချင်းတွေကို ချစ်မြတ်နိုးဖို့ပါပဲ။ အဆိုတော် တစ်ယောက်က သီချင်းကို ဆိုရုံသက်သက် မဟုတ်ဘဲ နှလုံးသားကနေ ခံစားသီဆိုနိုင်ဖို့ လိုပါတယ်။ ပြီးတော့ စိတ်ရှည် သည်းခံမှု၊ ကြိုးစားအားထုတ်မှု တော်တော်လေး ကောင်းမွန်မှ ဖြစ်ပါမယ်။ အဆိုပညာရပ်မှာက သင်ယူစရာတွေ များပြားလွန်းပြီး ဂီတ notes တွေ၊ သံစဉ်တွေ၊ အသံနေ အသံထားတွေဟာလည်း ရှုပ်ထွေးလွန်းလှတာ ဖြစ်ပါတယ်။ အသံကောင်းတယ် ဆိုရင်တောင်မှ နည်းလမ် လမ်းမှန်နဲ့ ကောင်းကောင်း သီဆိုနိုင်ဖို့ မလွယ်ပါဘူး။ ဒါ့အပြင် အဆိုလောကကို အခြေချ ဝင်ရောက်ဖို့ဆိုတာ အရမ်းခက်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။ လူတွေ အများကြီး ကြိုးစားကြပေမယ့် အရွေးမခံရဘူး၊ အငြင်းခံရတယ် အဲလိုမျိုးပါ။ ဒါကြောင့်မို့ သီချင်းဆိုတာကို ရူးရူးမူးမူး ဝါသနာပါပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့သူ၊ ပြင်းပြင်းထန်ထန် ကြိုးစားနိုင်သူ၊ စိတ်ရှည်သည်းခံသူ၊ ဇွဲမလျှော့သူ ဖြစ်ဖို့ လိုအပ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

ကျောင်းစရိတ်ကတော့ ကိုယ်ရွေးချယ်တဲ့ ကျောင်း၊ Level နဲ့ အတန်းအမျိုးအစားအလိုက် ကွာခြားမှု ရှိနိုင်ပါတယ်။ တစ်ချို့အတန်းတွေက ၅သောင်းဝန်းကျင်လောက် ရှိပေမယ့် တစ်ချို့ကတော့ ၃သိန်းဝန်းကျင်လောက် ရှိပါမယ်။ ဒါပေမယ့် ခြုံငုံပြောရရင်တော့ အနည်းဆုံး သင်တန်းကုန်ကျစရိတ် ၅သောင်းလောက်ကနေ စတင်ပါတယ်။ တခြားကုန်ကျစရိတ်ကတော့ သင်ယူလေ့ကျင့်တဲ့အခါ လိုအပ်မယ့် ဂီတဆိုင်ရာ ပစ္စည်းတစ်ချို့ပါပဲ။

ပညာအရည်အချင်း

ဘယ်လိုပဲဖြစ်ဖြစ် အဆိုပညာရပ်ဆိုင်ရာ လက်မှတ်တစ်ခုခု ရှိထားရင်တော့ ပိုကောင်းပါတယ်။ အဆိုတော်တစ်ယောက်က သီချင်းရဲ့ သီအိုရီတွေနဲ့ ပက်သက်ပြီး သိထားသင့်တယ်လေ။ ဒါပေမယ့် မရှိရင်လည်း အရည်အချင်းရှိရင်တော့ အဆိုပြိုင်ပွဲတွေကနေတစ်ဆင့် တက်လှမ်းနိုင်တာမို့ အရမ်းကြီး အရေးကြီးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဆိုပညာကို ပိုနားလည်ပြီး ပိုကျွမ်းကျင်လာစေဖို့အတွက် များများလေ့လာ ဆည်းပူးနိုင်လေ ကောင်းလေပါပဲ။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

လစာကတော့ ကိုယ်သီဆိုတဲ့ သီချင်းအမျိုးအစားနဲ့ အောင်မြင်မှုအပေါ် မူတည်ပါတယ်။ အောင်မြင်ရင် အောင်မြင်သလောက် ဝင်ငွေက တိုးလာမှာပါ။ ဒါပေမယ့် Vocal Coach လိုမျိုး အတည်တကျ အလုပ်အကိုင် ဆိုရင်တော့ တိကျတဲ့ ဝင်ငွေတစ်ခု ရရှိနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုတော်တွေရဲ့ ဝင်ငွေကိုတော့ ဘယ်လောက်ရှိပါတယ် ဆိုပြီး အတိအကျပြောလို့ မရပါဘူး

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အဆိုတော်တွေရဲ့ အလုပ်နေရာကတော့ သူတို့ အဓိက သီဆိုတဲ့ သီချင်းနဲ့ ရရှိထားတဲ့ အောင်မြင်မှု အတိုင်းအတာအပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တစ်ချို့တွေက အောင်မြင်တဲ့ အဆိုတော်အနေနဲ့ ရပ်တည်ကြသလို တစ်ချို့တွေကတော့ clubs, bars, restaurants, parks အဲလို နေရာမျိုးမှာ သီဆိုဖျော်ဖြေသူ အဖြစ်နဲ့ ဝင်ရောက်လုပ်ကိုင်တတ်ကြပါတယ်။ တစ်ချို့တွေကိုတော့ မင်္ဂလာပွဲ၊ ဧည့်ခံပွဲတွေနဲ့ party ်တွေမှာ ဖျော်ဖြေပေးဖို့ ဖိတ်ကြားခံရတာမျိုး ရှိပါတယ်။ ဒါ့အပြင် Music သင်တန်းကျောင်းတွေမှာ Vocal Coach အဖြစ်လုပ်ကိုင်နိုင်သလို ကိုယ်ပိုင်Music ကျောင်း တည်ထောင်တာမျိုးလည်း ပြုလုပ်နိုင်ပါသေးတယ်။

အလုပ်ရဲ့ အနာဂတ်

အနုပညာရဲ့ အရေးပါမှု အခန်းကဏ္ဍကတော့ ဘယ်တော့မှ ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး။ အနုပညာတွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ အဆိုပညာရပ် ဟာဆိုရင်လည်း ရှေးကတည်းက လူတွေ ဖျော်ြဖေမှုတစ်ရပ်အနေနဲ့ ခမ်းနားကြီးကျယ်စွာ အသုံးပြုခဲ့ကြသလိုပဲ အခု၂၁ရာစုမှာဆိုရင် အဆိုပညာရပ်ရဲ့ ကဏ္ဍက ပိုတောင် ကြီးမားကျယ်ပြန့်လာပါပြီ။ သီချင်းအမျိုးအစား အသစ်တွေလည်း အများကြီး ပေါ်လာတယ်၊ ဂီတပုံစံတွေလည်း တဖြည်းဖြည်း ပြောင်းလဲလာတယ်။ အခုဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ အဆိုပညာရပ်က နည်းအမျိုးမျိုး ပုံစံအသွယ်သွယ်နဲ့ ထင်ရှားကျော်ကြားလျက်ရှိပါတယ်။ နောက်လာမယ့် အနာဂတ်မှာလည်း အဆိုတော်တွေရဲ့ အရေးပါမှုနဲ့ ထင်ရှားကျော်ကြားမှုက ဒီ့ထက်ပိုပြီး ကျယ်ပြန့်တွင်ကျယ်လာဦးမှာပါ။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ကျွန်တော်တို့တွေ အားလုံး သီချင်းဆိုတာကို နှစ်သက်ကြတာပါပဲ။ သီချင်းဆိုလိုက်ရင် ပေါ့ပါးတယ်၊ နေလို့ကောင်းတယ်၊ ပျော်တယ်၊ စိတ်လှုပ်ရှားတယ် ခံစားမှုအမျိုးမျိုးပေါ့။ အဆိုတော်တွေလည်း အလားတူပါပဲ သီချင်းဆိုရတာကို နှစ်သက်လို့၊ သဘောကျလို့၊ ပျော်လို့ပါ။ သူတို့နှစ်သက်တဲ့ သီချင်းကို သူတို့ချစ်ရတဲ့ သူတွေအတွက် ဒါမှမဟုတ် တခြားသူတွေ အတွက် ဆိုတယ်၊ လှပတဲ့ သံစဉ်တွေ ဖွဲ့သီကြတယ်၊ လူတွေက အားပေးတဲ့အခါ သူတို့ရင်ထဲ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရတယ် ဒီလိုရိုးရှင်းလှတဲ့ အရာလေးတွေက အဆိုတော်တွေရဲ့ ပင်မတွန်းအား တစ်ခုပါပဲ။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ