Sound Engineer တစ်ယောက်ဖြစ်လာဖို့ဆိုတာ

 Sound Engineer  အလုပ်ဆိုတာ

ကျွန်တော်တို့ Live The Dream Media အနေနဲ့ ကွန်ပျူတာရှေ့ထိုင်ပြီး ကော်ဖီသောက်ရင်းနဲ့ အသံတွေကို Arrangement တွေလုပ်၊ ခလုတ်အများကြီးနဲ့ mixer တွေကို ဆရာကျကျ ကိုင်တွယ်ပြီး လူတွေ နားထောင်ကောင်းစေမယ့် သီချင်းတစ်ပုဒ်ဖြစ်အောင် အသံတွေကို ချိန်ညှိရတဲ့ အသံထိန်းအင်ဂျင်နီယာ ( Sound Engineer ) ဖြစ်ချင်တဲ့ သူတွေအတွက် Sound Engineer တစ်ယောက်ဖြစ်ဖို့ သွားရမယ့် လမ်းကြောင်း ၊ အလုပ်အကိုင်နဲ့ ဝင်ငွေ၊ အလုပ်ရဲ့ အနာဂတ် တွေကို လေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ပွဲလမ်းသဘင်တွေမှာ အသံထိန်းစက်မကိုင်တွယ်တတ်ရင် ကျွီကျွီကျွီနဲ့ စူးစူး ဝါးဝါးထွက်လာတဲ့အသံကို ကြားဖူးကြမယ်ထင်ပါတယ်။ စိတ်ကူးကြည့်ပါ အသံပိုင်းဆိုင်ရာ ထိန်းညှိမှု ဆိုးဆိုးဝါးဝါးဖြစ်နေရင်၊ သီချင်းသံပဲဖြစ်ဖြစ်၊ ရုပ်ရှင်တွေမှာပဲဖြစ်ဖြစ် တစ်ကျွီကျွီနဲ့ နားဝင်ဆိုးနေရင် သီချင်းတွေ ဘယ်လောက်ကောင်း ၊ ရုပ်ရှင်တွေ ဘယ်လောက်ကောင်းကောင်း အနုပညာခံစားဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အနုပညာဖန်တီးမှုတွေ၊ ဖျော်ဖြေရေးလောက တွေမှာ အသံနဲ့ ပတ်သက်တဲ့ Engineer တွေ က အရေးပါတဲ့သူတွေဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ Enginner တွေမှာ ယေဘုယျအားဖြင့် Indoor ပိုင်း နဲ့ Outdoorပိုင်း နှစ်မျိုးရှိပါတယ်။ Indoor ပိုင်းမှာတော့ Studio ခန်းလေးမှာပဲ သီချင်းထုတ်လုပ်သူတွေ ၊ ဂီတပညာရှင်တွေ၊ ရုပ်ရှင်သမားတွေရဲ့ စိတ်ကြိုက်ဖြစ်စေမယ့် Quality ရတဲ့အထိ လူသံ၊ တူရိယာသံအပြင် အမျိုးမျိုးသော အသံများကို ခေတ်မှီစက်တွေနဲ့ အသံသွင်းခြင်း၊ mixing, Sound Reproducing စသည်ဖြင့် ပြုလုပ်ပေးရပါတယ်။ Outdoor ပိုင်းမှာဆိုရင်တော့ သီချင်းShow ပွဲတွေမှာ၊ ပွဲလမ်းသဘင်တွေမှာ လူတွေအနှောင့်အယှက်ဖြစ်စေမယ့်အသံမထွက်အောင်၊ အသံထွက်ကောင်းအောင်အသံထိန်းညှိတာကို အဓိက လုပ်ဆောင်ရပါတယ်။ ဒါကြောင့် အသံပိုင်းဆိုင်ရာ Engineer များက ကျွမ်းကျင်ရာနယ်ပယ်အလိုက် Studio Engineer, Assistant Engineer, Recording Engineer, Mix Engineer, Mastering Engineer, Live Sound Engineer, Monitor Engineer, System Engineer, System Engineer, Audio Post Engineer စသည်ဖြင့် နယ်ပယ်ကျယ်ပြန့်စွာ ရှိနေပါတယ်။ ဒါ့အပြင် အခုအခါမှာတော့ Game ဖန်တီးခြင်း၊ Animation ရုပ်ရှင်ဖန်တီးခြင်းတွေမှာပါ အရေးပါတဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာများက လူတွေကို ဖျော်ဖြေမှု ပေးတဲ့အရာတွေကို နောက်ကွယ်ကနေပံပိုးပေးနေတဲ့ အနုပညာရှင်လို့ပြောရင်လည်း မမှားနိုင်ပါဘူး။

ကျောင်းရှာရန်

လမ်းကြောင်း

Sound Engineer  တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာ ဘွဲ့ ဒီဂရီပေးနိုင်တဲ့ ကျောင်းမျိုးကို အစိုးရအနေနဲ့ ဖွင့်လှစ်သင်ကြားပေးနိုင်ခြင်းမရှိသေးပေမဲ့ ပုဂ္ဂလိက သင်တန်းကျောင်းတွေတက်ပြီး ကိုယ်လမ်းကိုယ်ဖောက်နိုင်မယ့် လမ်းကြောင်းတွေရှိပါတယ်။ အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာလုပ်မယ့်သူတစ်ယောက်အနေနဲ့ အသံတွေကို လိုက်ဖက်ညီအောင် ပြုလုပ်ဖို့ဆိုရင် မိမိရဲ့ ပါရမီနဲ့ သီချင်းများများနားထောင်ပြီး သဘာဝပတ်ဝန်းကျင်အသံ၊ သီချင်းသံ ၊ တူရိယာသံတွေနဲ့ ရင်းနှီးကျွမ်းဝင်နေဖို့ကတော့ အဓိက ဖြစ်ပါတယ်။ အသံနဲ့ ပတ်သက်တဲ့အသိတွေ ရှိနေမယ်ဆိုရင်တော့ နည်းပညာနဲ့လုပ်ကိုင်ရမှာဖြစ်လို့ သင်တန်းကျောင်းတွေကို တက်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် Audio Engineer, Music Arts, audiovisual Technology, Pro Audio business များကို လေ့ကျင့်သင်ကြားပေးတဲ့ သင်တန်းတွေကို ရွေးချယ်တက်ရောက်ရမှာဖြစ်ပါတယ်။ Studio Engineer, Assistant Engineer, Recording Engineer, Mix Engineer, Mastering Engineer, Live Sound Engineer, Monitor Engineer, System Engineer, System Engineer, Audio Post Engineer တွေထဲမှာမှ မိမိဝါဿနာပါရာ ကဏ္ဍကို ရွေးချယ်သင်ကြားနိုင်မယ့် သင်တန်းကျောင်းတွေကလည်းအများအပြားဖြစ်နေပါပြီ။ ဥပမာအားဖြင့် ဒီလိုပညာရပ်တွေနဲ့ ပတ်သက်ပြီး သင်ကြားပေးတဲ့ ရန်ကုန်မြို့ရှိ AES လို အဆင့်မြင့်ကျောင်းတွေမှာ သင်ယူလေ့လာနိုင်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာ တစ်ယောက်အတွက် အဓိက လိုအပ်ချက်အနေနဲ့ ဝါသနာ စိတ်အားထက်သန်မှုဖြစ်ပါတယ်။ အသံသေးသေးလေးက အစ နားထောင်ချိန်ညှိရတာမျိုးဖြစ်ပြီး အကြားအာရုံမှာ Sensitive ဖြစ်ဖို့လည်းလိုအပ်ပါတယ်။ သီချင်းကောင်းတစ်ပုဒ်ဖြစ်ဖို့ ဆိုရင် လိုအပ်ရင်လိုအပ်သလို Auto tune အသုံးပြုရမှာဖြစ်ပြီး Synthetic Sound များကို ထည့်သွင်းရမှာဖြစ်လို့ ဘယ်နေရာဘာလိုလဲဆိုတာ အလိုလို သိနေတဲ့ Sense သူ အတွက် သင့်တော်လှတဲ့အလုပ်အကိုင်ဖြစ်ပါတယ်။ သီချင်းတစ်ပုဒ် သို့မဟုတ် အသံတစ်သံအတွက် ဂီတပညာရှင်၊ သီချင်းထုတ်လုပ်သူ၊ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ စိတ်ကြိုက်အသံရတဲ့အထိကို လိုအပ်တဲ့ mixing များကိုအခါခါလုပ်ဆောင်ချိန်ညှိရတဲ့အတွက် ဇွဲကောင်းကောင်းနဲ့စိတ်ရှည်တဲ့သူဖြစ်ဖို့လိုအပ်ပါတယ်။ နည်းပညာများနဲ့လုပ်ကိုင်ရတာဖြစ်ပြီး ကွန်ပြူတာ နည်းပညာ၊ စက်ပိုင်းဆိုင်ရာနည်းပညာတွေ စိတ်ပါဝင်စားဖို့ကလည်း အဓိက ကျသလို အမြဲမပြတ်လေ့လာ နိုင်မှလည်း အဆင့်မြင့်နည်းပညာတွေနဲ့ ဖန်တီးမှု လက်ရာကို အကောင်းဆုံးလုပ်နိုင်မှာဖြစ်ပါတယ်။ ဖန်တီးကောင်းမွန်တဲ့သူတွေအေနနဲ့က အလုပ် အကိုင်အခွင့်အလန်းပိုမိုကောင်းမွန်မှာဖြစ်တဲ့အတွက် ဖန်တီးမှုအားကောင်းတဲ့ အနုပညာအမြင် ရှိတဲ့ သူတွေအတွက် ကလည် ဒီအလုပ်က သင့်တော်နေမှာပါ။

ပညာအရည်အချင်း

အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ဆိုတာက ဂီတနဲ့ ပတ်သက်တဲ့ တူရိယာ တီးခတ်မှုများ၊ Music Production များ၊ Sound Design များ ကို လေ့လာရမှာဖြစ်သလို ဒီပညာတွေနဲ့ပတ်သက်တဲ့ အသိအမှတ်ပြုလက်မှတ်၊ ဘွဲ့လက်မှတ်ရရှိထားဖို့လိုအပ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

ကျောင်းစရိတ်အနေနဲ့ကတော့ မိမိတက်ရောက်မယ့်အထူးပြု သင်တန်းအလိုက် ပျှမ်းမျှခြင်း (၂) သိန်းခွဲမှ စလို့ (၆)သိန်းအထိ ကုန်ကျနိုင်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာတစ်ယောက်ရဲ့ ဝင်ငွေကတာ့ မိမိလုပ်ကိုင်တဲ့နေရာနဲ့ မိမိရဲ့ အရည်အချင်းအပေါ်မှာ အများကြီးမူတည်နေပါတယ်။ ရေဒီယိုအသံလွင့်ဌာနတွေမှာလုပ်ကိုင်တဲ့ဝန်ထမ်းများအနေနဲ့တော့ ပျှမ်းမျှ လစာ (၃) သိန်းကနေ (၅) သိန်းအထိရရှိနိုင်ပါတယ်။ ပုဂ္ဂလိက ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း၊ တီဗွီအစီအစဉ်လုပ်ငန်းတွေမှာလုပ်ကိုင်တဲ့သူများအတွက်ကတော့ ပျှမ်းမျှလစာ (၆) သိန်းကနေ (၁၀) သိန်းအထိရှိနိုင်ပြီး ကိုယ်ပိုင် Studio လုပ်ငန်းတွေမှာတော့ မိမိရတဲ့ project အလိုက် လုပ်ပေးရတဲ့ အပိုင်းအလိုက် ဥပမာ- (Recording, Mixing,Mastering) ရတဲ့ဝင်ငွေက လည်းကွာခြားသွားမှာဖြစ်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ မိမိရဲ့ လုပ်ရည်ကိုင်ရည်အပေါ်မူတည်ပြီး အလုပ်ရနိုင်မယ့်နေရာ ကတော့ တွင်ကျယ်လှပါတယ်။ အထူးသဖြင့် ဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်တဲ့ သီချင်းထုတ်လုပ်ရေး၊ ရုပ်ရှင်ထုတ်လုပ်ရေး၊ တီဗွီ အစီအစဉ်များ၊ ရေဒီယိုအသံလွင့်လုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ Music Industry တစ်ခုမှာ လုပ်ကိုင်မယ့်သူများအနေနဲ့ Indoor ပိုင်းမှာတော့အသံသွင်းခြင်းကနေစလို့ mixing လုပ်ခြင်း၊ Reproducing လုပ်ခြင်းတွေကို လုပ်ကိုင်ရမှာဖြစ်ပြီး Outdoor လုပ်ကိုင်ခြင်းများမှာတော့ Live Sound Engineer တစ်ယောက်အနေနဲ့သော်လည်းကောင်း၊ Monitor Sound Engineer တစ်ယောက်အဖြစ်သော်လည်းကောင်း System Engineer အဖြစ်သော်လည်းကောင်း ကျွမ်းကျင်အားသန်ရာမှာ လုပ်ကိုင်နိုင်ပါတယ်။ ဒါ့အပြင် Audio Post Engineer အဖြစ်နဲ့ ရုပ်ရှင်ထုတ်လုပ်ခြင်းတွေမှာလည်း လုပ်ကိုင်နိုင်ပါတယ်။ ကိုယ်ပိုင်ရပ်တည်ပြီး Studio လုပ်ငန်းများကို လုပ်ကိုင်ခြင်းဖြင့်လည်း အသက်မွေးလုပ်ကိုင်နိုင်သလို အသိမိတ်ဆွေများနဲ့ Music Band များရဲ့ သီချင်း Show ပွဲများမှာသာမက နယ်ဘက်တွေမှာ ဖျော်ဖြေပေးနေတဲ့ ဇာတ်သဘင်အဖွဲ့များနဲ့လည်း လက်တွဲလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ ထို့အပြင် Audio Sound Box ဌားရမ်းလုပ်ကိုင်တဲ့ ပုဂ္ဂလိက လုပ်ငန်းများမှာလည်း Audio Engineer တစ်ယောက်အနေနဲ့ ဌားရမ်းတဲ့ ပွဲတွေမှာ လိုက်ပါ လုပ်ကိုင်နိုင်ပါတယ်။ ခုခေတ်အခါမှာတော့ Game ဖန်တီးတဲ့ ကုမ္ပဏီ၊ Animation Movie ဖန်တီးတဲ့ ကုမ္ပဏီတွေမှာ Sound Engineer များက မရှိမဖြစ်လိုအပ်တဲ့ ပညာရှင်တွေဖြစ်တဲ့အတွက် ထိုကဲ့သို့ ကုမ္ပဏီတွေများမှာလည်း ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

ဖျော်ဖြေရေးလုပ်ငန်းတွေက အခုခေတ်မှာ တွင်ကျယ်လှပြီး လူအများရဲ့ ဖျော်ဖြေပေးရတဲ့အလုပ်ကလည်း အမြဲရှင်သန်နေမှာဖြစ်ပါတယ်။ သီချင်းတွေ၊ ရုပ်ရှင်တွေ အနေနဲ့ ပျောက်ကွယ်သွားမှာမဟုတ်သလို ခုဆိုရင် Game တွေ ၊ Animation တွေ စတဲ့ ဖျော်ဖြေရေး ကဏ္ဍတွေကို ပိုမိုများပြားတွင်ကျယ်လာသလို ပိုမိုအဆင့်မြင့်လာတာကတော့ လက်တွေ့မြင်နေရပါတယ်။ ဒီအလုပ်တွေ တိုးတက်တွင်ကျယ်လေ Sound Engineer တွေရဲ့ အခန်းကဏ္ဍတွေက ပိုမိုတွင်ကျယ်လာမှာကတော့ အသေအချာပါပဲ။ဒါ့ကြောင့် Sound Engineer အလုပ်ရဲ့ အနာဂတ်အနေနဲ့ ကောင်းမွန်တယ်လို့အတိအကျဆိုနိုင်ပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ