ဒီနှစ်.. ဘာတွေသင်ယူခဲ့ရလဲ?
နှစ်ကုန်ခါနီးတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန် သုံးသပ်ကြလား?
စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း ဒီစာအုပ်မှာ ဘာသင်ယူစရာရခဲ့လဲ ပြန်လည်စဉ်စားဆင်ခြင်တာမျိုးပေါ့။
ဒီနေ့ ၂၀၂၀ တော့ ကျွန်တော့်အတွက်ရော၊ စာဖတ်သူတွေအတွက်ရော သင်ယူစရာများစွာနဲ့ ပြည့်နှက်နေလိမ့်မှာတော့ ဧကန်အမှန်ပါပဲ။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ကိုယ်တွေ့များကို မျှဝေခြင်းအားဖြင့် ဆွေးနွေးချင်တဲ့ ခေါင်းစဉ်က ဒီနှစ်ဘာတွေသင်ယူခဲ့ရလဲ ဆိုတာပါပဲ။
၁။ အလုပ်ထက်အရေးကြီးတဲ့အရာ
အလုပ်ဆိုရင်အရာရာထက်ပိုဦးစားပေးတတ်တဲ့ကျွန်တော် ..အလုပ်နဲ့ပတ်သက်ရင် ညဘက်တွေအထိမနားမနေ၊ နေ့ဘက်ဆိုလည်းအပြေးအလွှားနဲ့ အစားအသောက်တွေလည်းပုံမှန်မရှိခဲ့ပါဘူး။ အလုပ်အပေါ်အာရုံစိုက်လွန်းလို့ ညဘက်တွေဆို အလုပ်အကြောင်းအိပ်မက်တွေမက်၊ သူငယ်ချင်းတွေနဲ့လည်းအဆက်အသွယ်ပြတ်၊ ရှိခဲ့ဖူးတဲ့ ရည်းစားနဲ့တောင်ခွာပြဲ သွားရတဲ့အထိပါပဲ။ ဒါပေမယ့် တစ်ဖြည်းဖြည်းသိလာတာကို အလုပ်အကိုင်အဆင်ပြေလာခြင်းတွေထက် ဖိအားတွေပိုများလာပြီး ပျော်ရွှင်မှုတွေနည်းပါးသွားတဲ့ကိုယ့်ကိုယ်ကိုပါ။ ဒါ့အပြင် COVID-19 ကြောင့် အလုပ်ဖြုတ်ခံရတဲ့သူငယ်ချင်းတွေ၊ ပိတ်သိမ်းလိုက်ရတဲ့ကုမ္ပဏီလုပ်ငန်းတွေလက်တစ်ကမ်းမှာပဲမြင်လာရတော့ ကျွန်တော်ရဲ့အရာရာကိုစိုးမိုးနေတဲ့အလုပ်ဆိုတာ တည်မြဲမှုမရှိပါလားပေါ့။ မတည်မြဲတဲ့အရာနောက်ကိုရေကုန်ရေခမ်းလိုက်ရင် ကုန်သွားတဲ့အခိုက်အတန့်တွေ၊ ပျော်ရွှင်မှုတွေက တကယ်နှမြောစရာကောင်းလှပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတွေက ဒီအလုပ်တွေထက် အရေးပိုကြီးတယ်ဆိုတာကို အထူးသဖြင့် သင်ယူခဲ့ရပါတယ်။
၂။ ငွေတစ်ခုနဲ့အရာရာဖြေရှင်းလို့မရဘူး
ငွေနဲ့ပတ်သက်ရင် အားနည်းခဲ့တဲ့လူတစ်ယောက်ကို ဝင်ငွေများများရဖို့ ကိစ္စတွေက အလွယ်တကူ ဖမ်းစားတတ်ပါတယ်။ ဒါ့ကြောင့် ဝင်ငွေများများရအောင်ဘာတွေလုပ်ရမယ်၊ ဘာစီးပွားရေးထလုပ်လိုက်ရင် ဘယ်လောက်ရမယ်၊ ဘယ်လိုအဆင်ပြေမယ်စသည်ဖြင့် ကိန်းဂဏန်းတွေခေါင်းထဲအများကြီးဝင်လာခဲ့ပါတယ်။ ငွေရဖို့တစ်ခုပဲ တွေးမိတဲ့အတွေးတွေထဲမှာတော့ ကိုယ်တကယ်မလုပ်ချင်မှန်း၊ ကိုယ်နဲ့ မသင့်တော်မှန်းတွေထည့်မတွက်မိခဲ့ပါဘူး။ ဒါ့ကြောင့် တကယ်လုပ်တဲ့အခါ ပင်ပန်းရသလို ထင်သလိုဖြစ်မလာခဲ့တာမျိုးတွေ၊ တကယ့်ကိုယ်စိတ်ဝင်စားတဲ့အရာတောင်ပျောက်သွားတာမျိုးအထိဖြစ်ရပါတယ်။ ကိုယ်ချစ်တဲ့အရာနောက်ကို မလိုက်မိပဲ ငွေနောက်လိုက်နေခြင်းကြောင့် ရလာတဲ့ ဒုက္ခတွေက ကျွန်တော့်ကို ကောင်းကောင်းသင်ပေးလိုက်ပါတယ်။
နောက်ထပ်ငွေကြေးနဲ့ပတ်သက်ပြီးသိလာရတဲ့အရာတစ်ခု ငွေကြေးပြည့်စုံတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ မိသားစု ပြဿနာတစ်ခုကြောင့်ဖြစ်ပါတယ်။ မိသားစုမှာငွေကြေးပြည့်စုံပါရက်နဲ့ တစ်ယောက်ကို တစ်ယောက်နှလုံးသားချင်းရင်းနှီးမှုမရှိတဲ့အခါ အိမ်တွင်းရေးပြဿနာတွေနဲ့ စိတ်ညစ်ရပါတယ်။ ကိုယ်ချစ်တဲ့မိသားစုတွေနဲ့ သူငယ်ချင်းတွေကြားမှာ အားငယ်နေချိန်တိုင်းအနားနေပေးနိုင်ဖို့၊ ရင်ဖွင့်တိုင်ပင်ဖော်ဖြစ်ဖို့၊ ပွင့်ပွင့်လင်းလင်းဆက်ဆံရေးနဲ့ ရင်းနှီးနွေးထွေးမှုတွေက ဒီငွေကြေးထောက်ပံ့ပေးနိုင်မှုတွေထက်အရေးပါတယ်ဆိုတာလည်း ကျွန်တော့်ရဲ့သင်ခန်းစာ တစ်ခုဖြစ်ပါတယ်။
၃။ အချိန်နဲ့ရလာဒ်
အချိန်လို့ပြောလိုက်ရင် အဖိုးတန်မှန်းသိခဲ့ပေမယ့်… ဒီအရာကို အကျိုးရှိရှိအသုံးချတတ်မှုမှာ ကျွန်တော်ပျက်ကွက်ခဲ့ပါတယ်။..အချိန်စီမံခန့်ခွဲမှုမှာအားနည်းခဲ့တာမျိုးပေါ့။ မဖြုန်းသင့်ပဲ ဖြုန်းလိုက်ရတဲ့အချိန်ထဲမှာ Social Media တွေရဲ့ ဖမ်းစားမှုကအဓိကပါဝင်နေတယ်လို့ဆိုရမှာပါ။ဒါ့ပြင် တစ်ခြားသော မသိလိုက်ပဲ ဖြုန်းလိုက်မိတဲ့အချိန်တွေ၊ စိတ်အလိုလိုက်ပြီး ဖြုန်းလိုက်မိတဲ့အချိန်တွေကြောင့် မပြီးမပြတ်သေးတဲ့ Goal တွေ၊ လက်တွေ့မလုပ်ရသေးတဲ့စိတ်ကူးတွေက Waste ဖြစ်သွားရပါတယ်။ တကယ့်လုပ်သင့်တဲ့အရာတွေအပေါ် ကိုယ့်အချိန်ကိုရင်းနှီးမြှပ်နှံဖို့ ပျက်ကွက်တဲ့အခါ ရလာတဲ့ရလာဒ်ကိုတော့ မကျေမနပ်နဲ့ လက်ခံလိုက်ရပါတယ်။ ဒါကလည်း အချိန်စီမံခန့်ခွဲမှုအားနည်းတဲ့ ကျွန်တော့်အတွက် နောင်တရစရာသင်ခန်းစာတစ်ခုဖြစ်ခဲ့ပါတယ်။
၄။ ခွင့်လွှတ်တတ်ခြင်း
အသက်တစ်ရက်ပိုကြီးရင် အသိတစ်ခုပိုတိုးလာရမယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော်တို့ကိုယ်စီသင်ယူနေကြရတယ်။ ကောင်းဖို့အတွက်ကြိုးစားနေထိုင်ကြပါတယ်။ ကောင်းအောင်နေထိုင်ဖို့ဆိုတဲ့အထဲမှာ ဒီနှစ်အတွက်ကျွန်တော်ရွေးချယ်မိခဲ့တာက လူသားအချင်းချင်းခွင့်လွှတ်တတ်ခြင်း ဖြစ်ပါတယ်။ ကျော်ဖြတ်လာတဲ့နေ့ရက်တွေထဲမှာ မေ့မရသေးတဲ့ အပြစ်တင်ခံရခြင်း၊ မတရားခံရခြင်း၊ စိတ်ကသိကအောက်ဖြစ်ရခြင်းတွေက ရှောင်လွှဲလို့မရတဲ့အရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကိစ္စတွေကို ချည်နှောင်ထားခြင်းက ကျွန်တော့်အတွက်လေးလွန်းပါတယ်၊ အတွေးထဲခဏခဏဝင်လာပြီး စိတ်အဆင်မပြေဖြစ်ရပါတယ်။
တကယ်တော့ လူတွေမှာ ရှင်သန်ရာပတ်ဝန်းကျင်အပေါ်မူတည်ပြီး အကျင့်တွေ၊ အပြောအဆိုတွေ၊ လုပ်ရပ်တွေက နားမလည်နိုင်ပဲကွဲပြားစွာရှိနေပါတယ်။ ပြောမှားဆိုမှားတွေ၊ လုပ်မှားကိုင်မှားတွေ အနည်းနဲ့အများ သူရော၊ကိုယ်ပါ ကျူးလွန်မိတာမဆန်းပါဘူး။ ဒါ့ကြောင့် လူသားအချင်းချင်းဆိုတဲ့ စိတ်နဲ့ပဲ ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို ခွင့်လွှတ်ကြည့်လိုက်တယ်။ တကယ်ပဲလွတ်လပ်တဲ့အရသာကို ကျွန်တော်ခံစားမိပါတယ်။ ပေါ့ပါးလွတ်လပ်ခြင်းနဲ့ပဲ နေ့သစ်ကို ဖြတ်သန်းခြင်တာကြောင့် ခွင့်လွှတ်တတ်ခြင်းကလည်း ကျွန်တော်ယူသွားမယ့်သင်ခန်းစာတစ်ခုပါ။ (ခွင့်လွှတ်ခြင်းဆိုတာလည်း ခေါင်းငုံ့ခံခြင်းမျိုးမဟုတ်ပါဘူးနော်)
၅။ အချစ်နဲ့ဘဝ
လူငယ်တွေ အခက်ကြုံရတဲ့အထဲမှာ နှလုံးသားရေးကိစ္စကလည်း တစ်ခုအပါအဝင်ပေါ့။ ခံစားချက်နဲ့ အသွေးအသားနဲ့ တည်ဆောက်ထားတာမို့ ကျွန်တော်တို့အာရုံမှာ အချစ်ဆိုတဲ့အရာကို ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒါပေမယ့် အချစ်ကြောင့် အနာဂတ်ပျောက်ခဲ့တာတွေ၊ လမ်းမှားရောက်ခဲ့တာတွေကို မျက်စိရှေ့မြင်လာရသလို၊ ညီမျှခြင်းချလို့မရတဲ့ လူနှစ်ယောက်ကြားက Relationship တစ်ခုကို ကြိုးစားညှိနှိုင်းရတာ ခက်တာမျိုး တွေ့ကြုံလာရတဲ့အခါ အချစ်ကို ဘဝတစ်ခုလုံးစာ မပေးပစ်ဖို့ သင်ယူခဲ့ရပါတယ်။ ငယ်စဉ်က မိုက်ရူးရဲနဲ့ ဇွတ်တိုးခဲ့ပေမယ့် အခုအချိန်မှာတော့ အမှားနည်းစေဖို့ သင်ယူကြရမှာပဲမဟုတ်လား? ဒီအသက်အရွယ်မှာ ဒီအချစ်ကြောင့် မှားယွင်းတဲ့ရွေးချယ်မှု လုပ်ခဲ့မိမယ်ဆိုရင်လည်း ရှက်စရာကောင်းနေပါပြီ။ အချစ်ဆိုတာ ဘဝရဲ့တစ်စိတ်တစ်ပိုင်းပါနော်.. တစ်ခြားအာရုံစိုက်စရာတွေကို အနှောင့်အယှက်မဖြစ်ရအောင် သေချာစွာရွေးချယ်ဖို့ တိုက်တွန်းပါရစေ။
ကဲ..ကျွန်တော်ဘာတွေသင်ယူခဲ့ရလဲ ဆိုတာတွေဖတ်ပြီးတဲ့နောက်မှာ စာဖတ်သူများရော ဒီနှစ်အတွက်ဘယ်လိုသင်ခန်းစာများကို ရခဲ့လဲ ဆိုတာကို အပြန်အလှန်ဆွေးနွေးပေးစေချင်ပါတယ်။ Sharing is caring..ပါ.. ဘာတွေသင်ယူခဲ့ရလဲ Comment မှာ မျှဝေသွားပေးပါဦးနော်..